ထနောင်းပင်မှ အခေါက်ကို ခွာယူရောင်းချမှုများ ရှိနေသည့်အတွက် အရိပ်ရ ထနောင်းပင်များ မျိုးသုဉ်းသွားနိုင်ဟု သုံးသပ်ပြောဆို

ရန်ကုန် ဧပြီ ၁၈

ထနောင်းပင်မှ အခေါက်ကိုခွာယူရောင်းချမှုများ ရှိနေသည့်အတွက် အရိပ်ရ ထနောင်းပင်များ မျိုးသုဉ်းသွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။

အဆိုပါ ထနောင်းခေါက်များကို အရက်ချက်သည့်နေရာ၊ ရွှေထည်၊ ငွေထည်ပစ္စည်းများအား အရောင်တက်စေရန် စိမ်ရည်လုပ်ရာတွင်သုံးသည့်အပြင်၊ အဝတ်အစားများကို အရောင်းဆိုးသည့်အခါတွင် လည်းသုံးစွဲကြပြီး ထနောင်းခေါက် တစ်ပိသာလျှင် ၃၀၀ ကျပ်ဈေးပေါက်နေ‌ကြောင်းလည်းသိရသည်။

ထနောင်းပင်အများစုမှာ  လူကစိုက်ခြင်းထက်သဘာဝအတိုင်းပေါက်ခြင်းဖြစ်ပြီး ထနောင်းခေါက်ခွာခံရသည့်အပင်သည်  ချက်ချင်းမသေသော်လည်း ဒဏ်ရာရကာ နှစ်အနည်းငယ်အတွင်း ခြောက်သွားတတ်သည်။ မိုးနည်းလာပါက အပင်သေရန် ရာခိုင်နှုန်းများကြောင်း သိရသည်။

" ဈေးကွက်က ကောက်တော့ကောက်နေကြတာပဲ။ ကန့်ကွက်မယ့်သူကမရှိဘူး။ အပင်တွေကသေကုန်မှာ၊ ကြာရင် ထနောင်းမျိုးပြုတ်‌တော့မှာ၊ အပင်သတ်တာနဲ့အတူတူပဲလေ။ တန်းတော့မသေဘူး ဒဏ်ရာရသွားတာပေါ့။ ထနောင်းပင်တွေ မျိုးပြုတ်ပြီး အညာမှာ ထနောင်းပင်တွေကုန်သွားမှာ "ဟု အထက်ပါ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူကဆိုသည်။

ထနောင်းရိပ်များကြောင့် ခရီးသွားပြည်သူများအပါအဝင် ဒေသခံများအတွက် နွေရာသီကာလတွင် အရိပ်ကောင်းစွာရသဖြင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အတွက် များစွာအကျိုးဖြစ်ထွန်းသည့် အပင်လည်းဖြစ်ကြောင်း သိရသည်။ 

"ထနောင်းပင်တွေမရှိရင်နေပူမှာ။ အဓိက  ထနောင်းပင်တွေမရှိတော့ရင် နားစရာနေရာမရှိတော့ဘူး။ အပင်နည်းရင် ရာသီဥတုကပိုဆိုးလာမယ်။ ဘာမှပိုက်ဆံလည်း ထွေထွေထူးထူး ရတာမဟုတ်တော့ ခွာမရောင်းတာအကောင်းဆုံးပေါ့ ။ ဒါရောင်းလို့ ချမ်းသာသွားရင်တော့ တစ်မျိုးပေါ့ဗျာ" ဟု ၄င်းကသူ၏အမြင်ကို ဖွင့်ဟသည်။

Thit Taw