ထမင်းလည်းကျွေး ဟင်းလည်းပေးသည့် စွန်ရဲအင်းမှ ကြာချည်ထုတ်လုပ်ငန်း

ကျောက်ဆည် ၃ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာအနီးရှိ စွန်ရဲအင်းမှာ ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်း ပေးနေသော အင်းတစ်အင်း ပင်ဖြစ်သည်။ ဒေသခံများ ကမူ ထမင်းလည်းကျွေး ဟင်းလည်းပေးသော အင်းဟုပင် ခေါ်ဝေါ်ကြသည်။ စွန်ရဲအင်းမှ လယ်မြေ (၂၈၉၅)ဧကကို  စိုက်ပျိုးရေပေးနိုင်ပြီး ငါးဖမ်းလုပ်ငန်း၊ ဝက်စာအတွက် ရေမှော်ဆယ်လုပ်ငန်း၊ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းများကို ပြုလုပ်နိုင်သော အင်းပင်ဖြစ်သည်။ ကြာချည် ထုတ်သည့်နည်းကို ၁၉၇၀ ဝန်းကျင် တောင်ကြီး၊ အင်းလေးဒေသမှလူများ လာရောက် ကြာချည် ထုတ်ယူရင်း နည်းပညာပေးခဲ့သည့်အတွက် အစဉ်အဆက် ကြာချည်ထုတ်လုပ်ငန်းကို  လုပ်ကိုင်လာကြသည်။

 

1

 

စွန်ရဲအင်းအနီးရှိ အင်းကုန်းရွာတစ်ရွာလုံး စွန်းရဲအင်းကို အခြေပြုကာ အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသည်။ ထိုအသက်မွေးဝမ်းကြောင်း လုပ်ငန်းထဲတွင် ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းလည်း ပါဝင်သည်။ နံနက်ခင်းပိုင်းတွင် လှေဖြင့် ကြာရိုးများကို ရိတ်ယူကြသည်။ ကြာရိုးရိတ်ယူရာတွင် ရေပေါ်တွင်ပေါ်နေသော ကြာရိုးကိုသာ ရိတ်ယူပြီး ပင်ထောင်ကြာရိုးများကို ရိတ်ယူခြင်းမပြုကြချေ။ နံနက်ခင်းပိုင်းမှ နံနက် ၁၁ နာရီအထိ ကြာရိုးရိတ်ယူလေ့ရှိသည်။  ကြာရိုးရိတ်ပြန်လာပါက နေ့လယ်ပိုင်းတွင် ကြာချည်ထုတ်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

 

ကြာချည်ထုတ်လုပ်မှုတွင် ကြာရိုးအရှည်ကို နှစ်လက်မခွဲခန့်အနေအထား ဓါးဖြင့်အရာပေးလှီးကာ ကြာရိုးကိုချိုးယူကြရသည်။ ကြာရိုးချိုးလိုက်သည့်အချိန်တွင် ကြာချည်မျှင်များ ထွက်လာ သည့်အတွက်  သစ်သားပြား (သစ်သားစင်) ပေါ်တွင် ချည်ကိုဆွဲကာ  လက်ဖြင့်လိပ်ပြီး  ကြာချည်ပြုလုပ်ကြရသည်။ ကြာချည်တစ်ခုနှစ်တစ်ခု  တစ်ဆက်တည်းဖြစ်အောင် ပြုလုပ်ကြရသည်။ ကြာရိုးတစ်ခုလျှင် အနည်းဆုံး ကြားရိုးအပိုင်း ၁၀ ပိုင်းအထိ လှီးယူနိုင်သည်။

 

လူတစ်ဦးလျှင် တစ်နေ့အနည်းဆုံး ကြာချည်သုံးကျပ်သားအထိ ရရှိသည်။ ကြာချည် တစ်ကျပ်သားလျှင် ငွေကျပ် ၃၅၀ဝ ဖြင့် ရောင်းချကြရသည်။ အင်းကုန်းရွာတွင် ကြာချည် ပွဲစားနှစ်ဦးရှိပြီး ထွက်သမျှ ကြာချည်အားလုံးကို ဝယ်ယူကြရသည်။ ကြာချည်များကို တောင်ကြီး၊ အင်းလေး ဒေသများသို့ တင်ပို့ရောင်းချကြရသည်။ တောင်ကြီး၊ အင်းလေးဒေသတွင် ကြာချည်ကို အသုံးပြုကာ ကြာသင်္ကန်းပြုလုပ်ကြရသည်။

 

ဝါဆိုဝါခေါင်လများတွင် ကြာချည်အထွက်များပြီး ဆောင်းတွင်းပိုင်းတွင် ကြာချည် အထွက်နည်းသည်။ လက်ရှိကာလတွင် အင်းကုန်းကျေးရွာတစ်ရွာလုံး ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ကြပြီး ပုံမှန်ဝင်ငွေရရှိကြသည့်အတွက် စွန်ရဲအင်းကို ထမင်းလည်းကျွေး ဟင်းလည်းပေးသော အင်းအဖြစ် တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။          

                                                                                                   

တိမ်တမန်