ထိုင်ဝမ်ဒေသ ငလျင်လှုပ်ခတ်မှုကြောင့် ကိုးဦးသေဆုံး၊ လူ ၁၀၀၀ ကျော် ဒဏ်ရာရ

ဧပြီ ၄

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ယမန်နေ့မနက်ပိုင်းက ပြင်းအား ၇ ဒသမ ၃ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် ယမန်နေ့ည ၁၀ နာရီအထိ ကိုးဦးသေဆုံးပြီး ၁၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းအရေးပေါ်လုပ်ငန်းစင်တာက ပြောကြားသည်။ ထိုင်ဝမ်ဒေသ ဟွာလျန်းမြို့အနီး ပင်လယ်ပြင်တွင်ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၁၀၀ ကျော် ပိတ်မိခဲ့ကြောင်း ဖော်ပြထားသည်။ ဟွာလျန်းမြို့ရှိ များစွာတိမ်းစောင်းနေသောအဆောက်အဦတွင် ပိတ်မိနေသောဒေသခံ ၂၅ ဦးအနက် ၂၄ ဦး အား အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည်။ အဆိုပါငလျင်လှုပ်ခတ်မှုတွင် အဆောက်အဦ ၂၈ လုံးထက်မနည်း ပြိုကျမှုဖြစ်ပွားခဲ့ရာ ၎င်းတို့အနက် ၁၇ လုံးသည် ဟွာလျန်းမြို့တွင်ရှိသည်ဟု သိရသည်။ အိမ်ထောင်စု ၃၆၀၀၀၀ ကျော်သည် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့် အိမ်ထောင်စု ၁၂၀၀၀၀ ကျော်သည် ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားသည်။ ထိုင်ဝမ်ဒေသရှိ နေရာအများအပြားတွင် ငလျင်လှုပ်ခတ်မှုပြင်းထန်ခဲ့ရာ စာသင်ကျောင်းအချို့ပျက်စီးခဲ့သည်။ ထိုင်ဝမ်ဒေသတွင် ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ၂၅ နှစ်အတွင်း ပြင်းအားအများဆုံး ငလျင်တိုက်ခတ်မှုဖြစ်သည်ဟု မိုးလေဝသအေဂျင်စီကဆိုသည်။ ထိုငလျင်သည် ဧပြီ ၃ ရက် ဒေသစံတော်ချိန်  နံနက် ၇ နာရီ ၅၈ မိနစ်က မြောက်လတ္တီကျု ၂၃ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၂၁ ဒသမ ၇၄ ဒီဂရီ၌ အနက် ၁၂ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်မှ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို