ထိုင်းတပ်မတော်နှင့်ရင်ကြားစေ့နိုင်လာပြီဖြစ်သည့် နိုင်ငံရေးသမားများ

မြင့်မြတ်

ပါလီမန်ဒီမိုကရေစီနဲ့ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာအများစုမရခဲ့တဲ့အတွက် အနိုင်ရပါတီမဟုတ်ခဲ့တဲ့ (Pheu Thai)ဖျူထိုင်းပါတီမှ အမတ် ဆာရက်သာသာဗီဆင်တစ်ယောက် ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါပြီ၊၊

၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကျောထောက်နောက်ခံပြုထားတဲ့ ဖျူထိုင်းပါတီမှ အမတ်ဆာရက်သာအနေနဲ့က ထိုင်းနိုင်ငံရဲ့နိုင်ငံရေးလောကမှာ ဆန့်ကျင်ဘက်ဖြစ်‌နေကြတဲ့ ရှပ်နီ- ရှပ်ဝါပါတီအုပ်စုနှစ်စုမှာ သူဟာရှပ်နီပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်၊၊ စိတ်လှုပ်ရှားစရာအတိနဲ့ ပြီးခဲ့တဲ့ ထိုင်းလွှတ်တော်ရွေးကောက်ပွဲကြီးကနေ ကျွန်တော်တို့ မြန်မာနိုင်ငံအရေးအတွက်ရော ဘာတွေများ သင်ခန်းစာပေးခဲ့ပါသလဲ။ ဘယ်လို အတွေ့အကြုံတွေရလိုက်ပါသလဲ။ ယူတတ်ရင် သင်ခန်းစာချည်းဖြစ်သလို တွေးဆဆင်ခြင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအရေးအတွက် အကျိုးရှိစေမယ့် အပြုသဘောဆောင်တဲ့ အချက်တချို့ကို ထုတ်နုတ်ရယူသင့်တယ်လို့ယူဆမိပါတယ်။

ဆာရက်သာသာဗီဆင် ဝန်ကြီးချုပ်ဖြစ်ရတဲ့ အခြေခံအကြောင်းတရား

အသက် ၆၀ အရွယ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဖြစ်သူ ဆာရက်သာ ဦး‌ဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖြစ်ပါတယ်။ သူပါဝင်တဲ့ ဖျူထိုင်းပါတီဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းတပ်မတော်ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပါတီတွေနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ကျဆင်းနေတဲ့ထိုင်းစီးပွားရေးကို မြှင့်တင်ပေးနိုင်စွမ်းရှိမယ်၊ နိုင်ငံရေးအရ အကွဲကွဲအပြားပြားဖြစ်နေတဲ့နိုင်ငံကို တည်ငြိမ်အောင်လုပ်ပေးနိုင်မယ်.... လို့ ယုံကြည်ကြတဲ့အတွက် ဘုရင်နဲ့တပ်မတော်ရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်အဖြစ် သူ့ကိုရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဓိကအချက်က ပြည်တွင်းပြည်ပနိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိဘူးဆိုတဲ့ အချက်နဲ့ နိုင်ငံရေးမှာ အတ္တနဲ့ပရမျှတမှု၊ မတည်ငြိမ် တဲ့အခြေအနေကြားမှာ လျစ်လျူရှုလို့မရတဲ့ တပ်မတော်ရဲ့အရေးပါတဲ့အခန်းကဏ္ဍ၊ အခြေအနေ အချိန်အခါအရ အနောက်ဘက်ကို လုံးဝကြီးမမှီခိုတတ်တဲ့ အာရှကျားတစ်ကောင်ရဲ့နမူနာမျိုး၊ နိုင်ငံရေးသမားတွေရဲ့ အမြော်အမြင်၊ နိုင်ငံရေးပါးနပ်မှု၊ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရင့်ကျက်မှုနဲ့ တိုင်းပြည်အပေါ် အလေးထားမှု၊ တိုင်းပြည်ကိုမပျက်စီးစေလိုတဲ့ စေတနာစတဲ့ လေးစားစရာအချက်တွေကို သွားတွေ့ ရပါတယ်။

အာဏာသိမ်းမှုများခြင်းနှင့် တိုင်းပြည်ပျက်စီးမှု ဆက်စပ်မှုမရှိ

မြန်မာနိုင်ငံရဲ့အရှေ့ဘက် အိမ်နီးချင်း ထိုင်းနိုင်ငံရေးသမိုင်းကို ခပ်ပါးပါးပြန်ကြည့်ရင် ၁၉၃၂ ခုနှစ် ကနေ ယနေ့အထိ စစ်ဘက်အာဏာသိမ်းမှုအကြိမ် ပေါင်း ၂၂ ကြိမ်ရှိခဲ့ပြီး ၁၃ ကြိမ်အောင်မြင်ခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြဋ္ဌာန်းတဲ့အကြိမ်ပေါင်း ၂၀ အထိ ရှိခဲ့တာ တွေ့ရပါလိမ့်မယ်။
အာဏာသိမ်းပြီးတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အကြောင်းတရားများ ဆက်စပ်မှုရှိနေတဲ့ သဘောပါ။ ဒီအချက်ကပဲ အစဉ်အလာလိုဖြစ်နေတဲ့ စစ်ဘက်အာဏာသိမ်းမှုတိုင်းမှာ နိုင်ငံဟာ ဖရိုဖရဲမပြိုကွဲ ပျက်စီးသွားခြင်းမရှိဘဲ အခြေအနေကို အမြဲထိန်းထားနိုင်တာတွေ့ရတယ်။ 

ထိုင်းနိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြည်သူနဲ့စစ်တပ်ဟာ သဟဇာတဖြစ်ပြီး အပြန်အလှန်အထောက်အကူပြု ထိန်းကျောင်းနိုင်ကြတဲ့အခါ သူတို့ရဲ့ နိုင်ငံရေးဘဝ၊ လူမှုစီးပွားဘဝတွေဟာ အလွယ်တကူ ပြိုလဲမသွားပါဘူး။ ဒီမိုကရေစီစနစ်မှာ စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုအပေါ် အမေရိကန် ကြီးရဲ့ မျက်စိမှိတ်၊ နှုတ်ဆိတ် မသိကျိုးကျွံ ပြုထားတာလည်း ပါတာပေါ့။ နိုင်ငံသားတစ်ဦးချင်းရဲ့ လူမှု စီးပွားဘဝဆိုတာ သူတို့ရဲ့ဘဝ၊ နိုင်ငံရဲ့ အသက် ဆိုတဲ့အချက်ကို ထိုင်းပြည်သူတွေဘယ်တော့မှ မမေ့ပါဘူး။ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့မျိုးဆက်ကို ဖျက်ဆီးရလောက်အောင်လည်း မမိုက်မဲကြပါဘူး။ အင်မတန်ရင့်ကျက်ကြပါတယ်။ နိုင်ငံရေး အသိ၊ စီးပွားရေးအသိ၊ လူမှုရေးအသိ စတာတွေဟာ အတိုင်းအတာတစ်ခုအထိ မြင့်မားနေလို့သာ နိုင်ငံ ရေးအရ ဖြစ်စဉ်တွေ ရှိတိုင်းရှိတိုင်း ဆိုးကျိုးသက်ရောက်မှုကြီးကြီးမားမားမရှိတာဟူ၍ မှတ်ချက် ပြုမိပါတယ်။ 

ဘုရင်စနစ်နဲ့ဘုရင်ရဲ့အရေးပါပုံကို အလေးအမြတ်ပြုကြသူများ

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒို့တာဝန်အရေးသုံးပါးကို ဘယ်သူမှထိ လို့မရသလိုပါပဲ၊ ထိုင်းနိုင်ငံမှာလည်း ဘုရင်နဲ့ ဘုရင့် မိသားစုကို ဦးထိပ်ထားပြီး ထိလို့မရပါဘူး။ ဘုရင်ကို နိုင်ငံသားအားလုံးက အလေးအမြတ်ထားပြီး ရိုသေ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်နေရာမှာ ထားရှိကြောင်း နိုင်ငံဖွဲ့စည်းပုံ အခန်း ၂ ပုဒ်မ ၆ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့အတွက် ဘုရင်ကိုမလေး မစားပြုခြင်း၊ ဘယ်လိုအကြောင်းနဲ့မှ စွပ်စွဲပြောဆိုခြင်း၊ အရေးယူခြင်း၊ ရေးသားဖော်ပြခြင်းတွေ မလုပ်ရပါဘူး။ 

ဘုရင်ဟာ ထိုင်းလက်နက်ကိုင်တပ်မတော်ရဲ့ အကြီးအကဲဖြစ်သလို အစိုးရရာထူး နေရာများကို ဖန်တီးခြင်း၊ အဆောင်အယောင်များအပ်နှင်းခြင်း၊ ရုပ်သိမ်းခြင်းတို့ကိုပါ ပြုလုပ်ခွင့်ရှိပါတယ်။ ဘုရင် စနစ်နဲ့ဘုရင်ရဲ့အရိုက်အရာကို  နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ထိန်းသိမ်းပေးရမယ့် အချက်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ ဒီအချက်တွေဟာ ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ဘုရင်စနစ်ကို ဘယ်လောက်အရေးထားကြောင်း အချက်အချို့ပါပဲ။ 

ဘာကြောင့်လဲဆိုတော့ အထွတ်အမြတ်ထားရာ ဘုရင်နဲ့ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်းကို အမျိုးသားလုံခြုံရေး တာဝန်ထမ်းဆောင်ခြင်းနှင့် တစ်တန်းတည်းထားတဲ့အတွက်‌ကြောင့်ပါပဲ။ ဒီလို ပြဋ္ဌာန်းချက်တွေနဲ့ အရေးပါပုံတွေကို ပစ်ပယ်ဖို့ ကြိုးစားတာမှန်သမျှ ဘယ်လိုအနေအထားထိ ရောက်ရှိနိုင်တယ်၊ ကြိုးစားမှုရဲ့ နောက်ဆက်တွဲ ဂယက်အနေနဲ့လည်း ဘယ်လောက်အတိုင်းအတာထိ ရှိသွားနိုင်တယ်ဆိုတဲ့ အချက်တွေဟာ ထိုင်းနိုင်ငံ ရေးသမားတွေနဲ့ပြည်သူတွေ မသိမဖြစ် နားလည် သိရှိထားရမယ့် အချက်များပါပဲ။ ဘုရင်စနစ် အရေးပါပုံကို သိသူနဲ့မသိသူ၊ သဘောပေါက်သူနဲ့ မပေါက်သူ နှစ်ဖွဲ့ကြား နောက်ဆက်တွဲသက်ရောက်မှုများအရ ဘယ်လိုကွာသွားနိုင်သလဲ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

တွေ့ခဲ့မြင်ခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ထိုင်းဝန်ကြီး ချုပ်သစ်ဟာ ဝန်ကြီးချုပ်ဖြစ်ဖြစ်ချင်း ဘုရင့်ဓာတ်ပုံကို ဦးခိုက်ခဲ့ခြင်းဖြင့် နိုင်ငံ့ဦးသျှောင်ရဲ့ပုံရိပ်ကို ဦးထိပ်ထားတဲ့ ရင့်ကျက်မှုကို ပြသခဲ့ပါတယ်။ သူသာဝန်ကြီးချုပ်ဖြစ်ခဲ့ရင် ဘုရင်စနစ်ကိုဖျက်သိမ်းပြီး စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်မယ်ဆိုတဲ့ forward ပါတီခေါင်းဆောင် ပီတရဲ့ အမြော်အမြင် နည်းပါးမှုနဲ့တော့ များစွာကွာခြားသွားပါတယ်။ 

ထို့အတူ ၁၅ နှစ်ကြာ ပြည်ပမှာတိမ်းရှောင် နေရတဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ ဖျူထိုင်း ပါတီခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်သည်လည်း ထိုင်းမြေပေါ် ခြေချတာနဲ့ ပထမဆုံးသူ့ရဲ့အပြုအမူဟာ ထိုင်းဘုရင်နဲ့ မိဖုရားကို ဦးခိုက်အရိုအသေပြုခဲ့ခြင်းပါပဲ။ အတိတ်က ဘုရင်အပေါ်အဆိုးမြင်ဝေဖန်ခဲ့မှုတွေကို မေ့ဖျောက်နိုင်ခဲ့တဲ့ အလွန်တရာသိမ်မွေ့လှတဲ့ မြင်ကွင်းကိုကြည့်ပြီး ထိုင်းနိုင်ငံရေးရဲ့ သိမ်မွေ့ပုံကို သတိပြုမိခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ ဩဇာ အကြီးမားဆုံးသော ဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ ရင်ထဲမယ် ဘယ်လိုခံစားချက်မျိုးပဲ ရှိနေရှိနေ၊ သူ့အနေနဲ့ ထိုင်းပြည်သူတွေအပေါ် ဘယ်လောက် ထိအလေးထားပုံနဲ့ ရင့်ကျက်တဲ့နိုင်ငံရေးသရုပ် သကန်တွေကို အမြော်အမြင်ကြီးမားစွာ ပြသနိုင်ခဲ့ တာကို‌တော့ လေးစားမိပါတယ်။

ကိုယ့်အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်ပုံ အသက် ၇၄ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်းရဲ့ ပြည်တော်ပြန်ခရီးမှာ အဓိကအကျိုးဆောင်က သူ့ရဲ့ သမီး လက်ရှိ ဖျူထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ် လောင်းလျာဖြစ်ခဲ့သူ ပီတွန်တမ်ရှင်နာဝပ်ထရာပဲ ဖြစ်ပါတယ်။ သူရဲ့ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့် အနေ အထားကို နိုင်ငံကိုပြန်ပြီး မြေးမြစ်တွေနဲ့အတူ နေချင်နေတဲ့ သက်ဆင်ရဲ့ပြည်တော်ပြန်ခွင့်နဲ့ အလဲ အထပ် လုပ်ပေးခဲ့ခြင်းဖြင့် ထိုင်းနိုင်ငံရေးသမားများနဲ့ တပ်မတော်၊ ဘုရင်နဲ့ အထက်လွှတ်တော်တို့အကြား သမိုင်းဝင်လက်တွဲပူး‌ပေါင်းမှုတစ်ခုကို အစပျိုးနိုင်ခဲ့ တယ်လို့ဆိုရပါမယ်။
 
ထိုင်းနိုင်ငံရေးဟာ အားလုံးသိခဲ့ကြတဲ့အတိုင်း ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာ သုံးလမျှရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံရဲ့စီးပွားရေးတိုင်ကွန်းကြီးဆာရက်သာ ဝန်ကြီးချုပ်ဖြစ်တာနဲ့ တိုက်ဆိုင်စွာ သက်ဆင်ရဲ့ပြည်တော်ပြန်ခရီးလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သက်ဆင်ဟာ သူ့ကိုပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခြင်းခံရပေမယ့် အဂတိလိုက်စားမှု၊ အာဏာအလွဲ သုံးစားမှုစတာတွေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုလည်း မဆိုင်းမတွခံယူနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးမှာ ထုံးစံမဟုတ်တဲ့ ပူးပေါင်းမှုနဲ့ ရင်ကြားစေ့မှုမျိုးဟာ ကမ္ဘာ့နိုင်ငံရေးသမားများ သာမက ထိုင်းပြည်သူတွေကိုတောင် အံ့အားသင့်၊ တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါကြောင့် အာဆီယံ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှားရှားပါးပါးတွေ့ဆုံခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော ခေါင်းဆောင်နဲ့ တစ်ခုတည်းသော နိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်နေတယ်ဆိုတဲ့အချက်ဟာ ဘာမှ ထူးခြားတဲ့အရာ မဟုတ်‌တော့ပါဘူး။ 

မြန်မာနိုင်ငံအရေးမှာ အရေးပါတဲ့ အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ဒီတစ်ခုက ဘာကိုပြသလဲ ဆိုတော့ ဘာတွေပဲဖြစ်နေဖြစ်နေ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားသာ ပဓာနဆို တဲ့အရာကို ဘယ်တော့မှ လျစ်လျူမရှုဘူးဆိုတဲ့ အချက်ပါပဲ။ နယ်နိမိတ်ဆက်စပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာတွေဟာတို့ဆီလည်း ရိုက်ခတ်နိုင်တယ်၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကိုယ့်အကျိုးစီးပွားအတွက် ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုနိုင်ငံကြီးမျိုးရဲ့ ဖိအားမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိခဲ့ကြတဲ့ ထိုင်းအစိုးရရဲ့ ထိုဆောင်ရွက်ချက် တစ်ခုဟာ နမူနာယူစရာဖြစ်ခဲ့ပါတယ်။

ဘုရင်တပ်မတော်နဲ့ နိုင်ငံရေးသမားများအကြား သဟဇာတဖြစ်မှုကသာအဓိက
ဒီလိုနဲ့ပဲ သုံးလတာမျှ ရှေ့မတိုး၊ နောက်မဆုတ် သာရှိနေတဲ့ ထိုင်းနိုင်ငံရေးပြဿနာဟာ ယခုအချိန်မှာတော့ ရပ်တန့်လို့သွားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ ပါတီစုံဒီမိုကရေစီ အမည်တပ်ထားတဲ့ ဘယ်နိုင်ငံမှ ခြောက်ပြစ်ကင်းသဲလဲစင်မရှိပါဘူး။ အနိမ့်အမြင့်၊ အတက်အကျ၊ အဆိုးအကောင်းရှိတတ်ကြစမြဲပါ။ ဒါကြောင့် အနာဂတ်ထိုင်းနိုင်ငံရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ထပ်မံကြုံတွေ့နိုင်‌ခြေ ရှိ/မရှိ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ 

လူထုအခိုင်အမာထောက်ခံမှုရခဲ့တဲ့ MFP ရှေ့သို့ချီပါတီတို့လို နိုင်ငံရေးအရ ရင့်ကျက်မှု လိုအပ် ချက်အချို့ ရှိကောင်းရှိနိုင်ပေမယ့် သဘောထားကြီးပြီး ရုတ်ရုတ်ဆို လမ်းပေါ်မထွက်တတ်တဲ့ အမြော်အမြင်ရှိတဲ့ လူငယ်မျိုးဆက်သစ် နိုင်ငံရေးသမားတွေ ရှိနေသရွေ့ ထိုင်းနိုင်ငံရေးသမိုင်းမှာ ယခုထက်ပိုပြီး အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းများသာ မြင်တွေ့ရနိုင်ပါတယ်။ နိုင်ငံရေးမှာ ဆန္ဒစောပြီး မိမိအတ္တ lese- majesty နဲ့ ပါလီမန်မှာ ထိုင်းတပ်မတော်ရဲ့ အခန်းကဏ္ဍကို ယုတ်လျော့စေမယ့် ဘယ်အပြုအမူမျိုးကိုမဆို အလွန်အကျွံရှေ့တန်း မတင်မိဖို့ အရေးကြီးတဲ့သင်ခန်းစာများကို ရှေ့သို့ချီပါတီနဲ့ ဖျူထိုင်းပါတီတို့ရဲ့ ရလဒ်အသီးသီးက ပြသခဲ့ပြီးပါပြီ။ 

ဒါ့အပြင် အခြေခိုင်နေပြီဖြစ်တဲ့ နိုင်ငံရေး ပုံသဏ္ဌာန်နဲ့ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးသမားများရဲ့ပါ၀င်မှု၊ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ အစဉ်အဆက် ပါဝင်ထမ်းရွက်နေရတဲ့  ထိုင်းတပ်မတော်၊ တပ်မတော်နဲ့ ဘုရင်အကြား အပြန်အလှန်အမှီ သဟဲပြုမှု၊ အကျိုးစီးပွားဆိုင်ရာ အရေးပါသူ Stakeholders တွေအကြား အပေးအယူလုပ် ညှိနှိုင်းနိုင်စွမ်းရှိမှု၊ တပ်မတော်နဲ့ဘုရင်ကို ထောက်ခံ တဲ့ အထက်လွှတ်တော်တို့ကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံရေး  ပဋိပက္ခများကြောင့်တော့ အထူး ဆုတ်ယုတ်ပျက်စီးသွားစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ 
တစ်ခုပဲရှိပါတယ်... နိုင်ငံကြီးတွေ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု၊ မီဒီယာအားကိုးနဲ့ ခြယ်လှယ်ဩဇာလွှမ်းမိုးမှု စတဲ့ ပယောဂတွေကိုတော့ သတိထားကြရမှာဖြစ်ပါတယ်။ နိုင်ငံရေးမှာဖြစ်ဖြစ်၊ သံတမန်ရေးရာမှာဖြစ်ဖြစ် ရှေးဦးမဆွ မူလအခြေခံထားတဲ့ သီအိုရီတွေ၊ မူဝါဒရေးရာတွေကို တရား‌သေမကိုင်စွဲဘဲ အခြေအနေ၊ အချိန်အခါ၊ ကာလံဒေသံအလိုက် ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးသင့်ပုံ Realpolitiking တစ်ရပ်ကို ယနေ့ထိုင်းနိုင်ငံရေးက ပြသသွားခဲ့ပါပြီ။

ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းအလိုက် အကျိုးစီးပွားချင်း ထပ်တူမကျ‌နိုင်ပေမယ့် အရေးကြုံလာရင် နိုင်ငံရေးသမားတွေ၊ ပါတီတွေဟာ တပ်မတော်နဲ့အတူ ရင်ချင်းအပ်၊ ကျောချင်းကပ်လက်တွဲပြီး ဘုံရပ်တည်ခဲ့ကြပုံတွေဟာ အတုယူစရာဖြစ်ခဲ့သလို တည်ငြိမ်ရေးအတွက် ဘယ်သူ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းက အဓိကကျသလဲ။ အကျိုး စီးပွားဆိုင်ရာ အရေးပါသူ/အဖွဲ့အစည်းကို ဘယ်လို သတ်မှတ်မလဲ။ နိုင်ငံနဲ့ပြည်သူအရေးအတွက် ဘယ်သူ၊  ဘယ်အဖွဲ့မျိုးနဲ့ လက်တွဲသင့်သလဲ။ ဘယ်လိုရအောင် ညှိသင့်သလဲစတာတွေ တွက်ချက် နိုင်ဖို့ဆိုတာ နိုင်ငံ့အရေးမှာ အလွန့်အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို ထိုင်းနိုင်ငံရေးက  ပြသနေပါကြောင်း ရေးသားလိုက်ရပါတယ်။