ထိုင်းတော်ဝင်မင်းသမီး၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု ပယ်ချခံရ

ဗန်ကောက် ၁၂ ဖေဖော်ဝါရီ

လာမည့်ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ထိုင်းတော်ဝင် မင်းသမီး အူဘိုလ်ရာတာနာမဟီဒေါ၏ အမည်စာရင်းကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ပယ်ချလိုက်သည်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း၏ အစ်မတော်ဖြစ်သူ အူဘိုလ်ရာတာနာ သည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်တရာနှင့် မဟာမိတ်ပြုလုပ်ထားသည့် နိုင်ငံရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်ကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

ထိုင်းတော်ဝင်မိသားစုသည် ထိုင်းနိုင်ငံရေးတွင် အထက်စီးမှ ရှိနေသောကြောင့် ထိုင်းရာခ်ကာချာ့တ်ပါတီက တင်သွင်းခဲ့သည့် တော်ဝင်မင်းသမီး အူဘိုလ်ရာတာနာ ၏ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အသက် ၆၇ နှစ်အရွယ် မင်းသမီး အူဘိုလ်ရာတာနာသည် လာမည့် မတ်လ ၂၄ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထိုင်းရာခ်ကာချာ့တ်ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် အဆိုပါ လုပ်ရပ်သည် မသင့်လျော်ဟုဆိုကာ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း၏ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က ယခုလို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

မင်းသမီး၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်သည် ထိုင်းအစဉ်အလာကို ဆန့်ကျင်နေပြီး မသင့်လျော်ကြောင်း ထိုင်းဘုရင်၏ ကြေညာ ချက်ထွက်လာပြီးနောက် မင်းသမီး အူဘိုလ်ရာတာနာ၏ နိုင်ငံရေးမျှော်လင့်ချက် မှေးမှိန်သွားခဲ့ခြင်းဖြစ်သည်။

ထိုင်းရာခ်ကာချာ့တ်ပါတီကလည်း ဘုရင့်သစ္စာခံကြောင်း စနေနေ့က ထုတ်ပြန်လိုက်ပြီး တော်ဝင်အမိန့်ကို လိုက်နာသွားမည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။

ထိုင်းဘုရင်အကြောင်းနှင့် နိုင်ငံရေးအစီအစဉ်များကို ထည့်သွင်းပြောကြားခြင်းမပြုဘဲ ၎င်းကိုထောက်ခံသူများအား ကျေးဇူးတင်ကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ အင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။

အေအက်ဖ်ပီ