ထိုင်းနိုင်ငံသားများ ပါဝင်သည့် အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြဝတီ-မဲဆောက် ဝင်ထွက်ဂိတ်မှ ဝင်ရောက်လည်ပတ်

မြဝတီ  ၂၆ နိုဝင်ဘာ 

           

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူ စာချုပ် အရ ဖွင့်လှစ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား လူဝင်/လူထွက်နှင့်ပတ် သက်ပြီး လုပ်ငန်းတိုးမြှင့် ဆောင်ရွက်သည့် အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ဝင်ရောက်လည်ပတ်ခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှ စတင်ပြီး ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။

           

ထိုသို့ ဝင်ရောက်လည်ပတ်ခွင့်ပြုခဲ့ရာ Honey & Happy Co.Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသား ဧည့်သည် Mr. Sanee Poonpong အပါအဝင် အဖွဲ့ဝင် ၁၅ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပေါင်း ၁၃ စီးတို့ဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် မြဝတီ-မဲဆောက် ဝင်ထွက် ဂိတ်မှ  ယမန်နေ့က ထိုင်းနိုင်ငံမှ မြဝတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

           

အဆိုပါ အဖွဲ့သည် မြဝတီ-တောင်ငူ-ပုဂံ-ဟားခါး-တမူး-ဂန့်ဂေါ-မကွေး-ကျိုက်ထီးရိုး-မြဝတီ ခရီးစဉ် အတိုင်း လည်ပတ်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

                                                                                   

ထိန်လင်းအောင်(ပြန်/ဆက်)