ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၅၄ ဦးအား တတိယအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသများတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၅၄ ဦးသည် တတိယအကြိမ်အဖြစ် ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ပြည်ပအလုပ်သမားများအား အထောက်အထား မပြည့်စုံသည့် အလုပ်သမားများ၊ အထောက်အထား လုံးဝမရှိသည့် အလုပ်သမားများ၊ အလုပ်နေရာ ကွဲလွဲသည့် အလုပ်သမားများနှင့် ဗီဇာ၊ ပတ်(စ်)ပို့သက်တမ်း ကုန်ဆုံးနေသည့် အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း အရှိန်မြှင့် အရေးယူလျက်ရှိရာ အဆိုပါ အလုပ်သမားများမှာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများဖြစ်ပြီး ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

 

နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများအား ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကူညီကြပြီး  ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ကာ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)