ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

၃ မတ်

၂၀၂၀ ပြည့်နှစ် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်းအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးကျင်းပသည့် (၁၉)ကြိမ်မြောက်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ အားကစားနည်း ၁၇ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေ ၂၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၂၉ ခုရရှိကာ နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့ကာ ပြိုင်ပွဲတစ်လျှောက် ဆုတံဆိပ်အများဆုံးရရှိသည့် ပြိုင်ပွဲလည်းဖြစ်ခဲ့သည်။

၂၀၂၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံအနေဖြင့် အားကစားနည်း ၂၅ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ဂေါက်သီး၊ ပီတန်း၊ ကရာတေး၊ အပြည်ပြည်ဆိုင်ရာလှေ၊ Esport၊ တင်းနစ်၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလတ်၊ ဂျူဂျစ်ဆု၊ လက်ဝှေ့၊ ကာယဗလ၊ Dance Sport၊ Netball၊ ထိုင်းလက်ဝှေ့၊ Lawn Bowls နှင့် Climb Sport အားကစားနည်းများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ဂေါက်သီး၊ ပီတန်း၊ ကရာတေးနှင့် Esport အားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အားကစားနည်းအချို့ ထပ်တိုးကာ အပြောင်းအလဲဖြစ်နိုင်ကြောင်း သိရသည်။

အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲမှာ တက္ကသိုလ်အဆင့်ပြိုင်ပွဲဖြစ်သော်လည်း လက်ရွေးစင် ကစားသမားများပါ ယှဉ်ပြိုင်ခွင့်ရှိပြီး တက္ကသိုလ်ပညာသင်ကြားနေသူဖြစ်ပါက ယှဉ်ပြိုင်ခွင့်ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ပြိုင်ပွဲတစ်ကြိမ်သာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံမှာမူ အိမ်ရှင်အဖြစ် ငါးကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ - စိုးညွန့်