ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည် ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရ

ဗန်ကောက် ဇူလိုင် ၁

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးသည့် ကျန်းမာရေး ဝန်ထမ်း ၆၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ရောဂါခုခံနိုင်စွမ်း ပိုမိုမြင့်မားမှုရှိစေရန် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံပေးရန် ကျန်းမာရေးအာဏာပိုင်များက စီစဉ်လျက်ရှိစဉ် ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှုခံခဲ့ရခြင်း ဖြစ်သည်။

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူသည့် ကျန်းမာရေးဝန်ထမ်း ၆၇၇၃၄၈ ဦးအနက် ၆၁၈ ဦးသည် ရောဂါကူးစက်ခံရ ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ မှဇူလိုင်လအထိ စာရင်းများအရ သိရသည်။ အဆိုပါ ကူးစက်ခံရသူများအနက် သူနာပြုတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်ကျန်းမာရေးဝန်ထမ်းတစ်ဦး အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ၉၄၁၈ ဦး ရောဂါထပ်မံကူးစက်ခံရပြီး ၉၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။

လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၃၆၃၇၁ ဦးရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၇၁၁ ဦးရှိကြောင်း သိရသည်။

ကိုးကား- စီအင်န်အေ ဘာသာပြန်- အောင်ကျော်ကျော်