ထိုင်းနိုင်ငံ၌ ခရီးသွားဧည့်များ လေးလအတွင်း ပြန်လည်သွားလာခွင့်ပြုမည်

ဇွန် ၁၇

 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေမှုအပေါ် စိုးရိမ်မှုများ ရှိနေသော်လည်း စီးပွားရေးပြန်လည်လမ်းဖွင့်ပေးရန် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံခြားခရီးသွားများအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

 

ပရာယွတ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံခြားခရီးသွားများအား ရက်ပေါင်း ၁၂၀ အတွင်း ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။

 

ယခုကဲ့သို့ ခရီးသွားများအား ပြန်လည်သွားလာခွင့်ပြုခြင်းသည် ခရီးသွားလုပ်ငန်းကိုမှီခိုနေသော ထိုင်းလူမျိုးများ ဝင်ငွေမရရှိကြသဖြင့် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို လျှော့ချရေးအတွက် အဓိကပြုလုပ်ခြင်း ဖြစ်သည်။

 

ယင်းသို့ဆုံးဖြတ်ခြင်းသည် ရောဂါကူးစက်နိုင်ခြေရှိသည်ကို မိမိအနေဖြင့် သိရှိပါကြောင်း၊ ခရီးသွားလာမှု ပြန်လည်ခွင့်ပြုချိန်တွင် ကြိုတင်ကာကွယ်မှုများမည်မျှပင်ကောင်းနေပါစေ ရောဂါကူးစက်မှု မြင့်မားလာမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ဝန်ကြီးချုပ်က ပြည်နယ် အုပ်ချုပ်ရေးမှူးများအပါအဝင် အစိုးရဌာန အားလုံးအား လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။

 

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၀၅၅၉၅ ဦး ရှိပြီး  ၁၅၂၅ ဦး သေဆုံးခဲ့သည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-မြင့်မြင့်ချို