ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ပြဋ္ဌာန်းထားတဲ့ ညမထွက်ရ အမိန့် ရုပ်သိမ်း

၁၅ ဇွန်

ထိုင်းနိုင်ငံတစ်ဝန်းမှာ  နှစ်လကျော်ကြာပြဋ္ဌာန်းထားတဲ့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်တဲ့အတွက် စားသောက်ဆိုင်တွေမှာ သေရည်အရက်တွေ ပြန်လည် ရောင်းချခွင့်ရှိပြီလို့ သိရပါတယ်။

 

နိုင်ငံတွင်းကူးစက်မှုအနေနဲ့ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတာ ၂၁ ရက်ကြာပြီးနောက် အခုလို ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော လူပေါင်း သန်း ၇၀ လောက်နေထိုင်တဲ့ ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တရုတ်နိုင်ငံပြင်ပမှ ပထမဦးတွေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့က စပြီးတွေ့ရှိခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။

 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃,၁၃၅ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ၂,၉၈၇ ဦး နဲ့ သေဆုံးသူ ၅၈ ဦး ရှိတာကို တွေရပါတယ်။

 

ထိုင်းအစိုးရတာဝန်ရှိသူတွေက အခုလို ဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်တာက လူတိုင်းက လူမြင်ကွင်းမှာ မျက်နှာဖုံးကို  ဇန်နဝါရီလကတည်းက စောစီးစွာ ဝတ်ဆင်ခြင်း၊ စီးပွားရေးလုပ်ငန်းတွေကို ရပ်နားခြင်းနဲ့ ညမထွက်ရအမိန့် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကမ္ဘာမှာ လူပေါင်း ၇ ဒသမ ၉ သန်းကျော်မှ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး လူပေါင်း ၄၃၀,၀၀၀ ကျော်ကို သေစေခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

MDN

ကိုးကား-the nation