ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၁၄၂ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

တာချီလိတ် စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၁၄၂ ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ​ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာ ၂၅ ရက်က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသူများဖြစ်​ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန်သတ် စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ၅၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။  ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူများအား ဝမ်လုံးကုသရေးစင်တာတွင် ဆက်လက်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

mdn

 

ထို့သို့ နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သူ အမျိုးသား ၇၈ ဦးနှင့် အမျိုးသမီး ၆၄ ဦး စုစုပေါင်း ၁၄၂ ဦးအား တာချီလိတ်မြို့ရှိ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက နေရပ်ပြန် ပြည်သူများကို အစားအသောက်များ ဝေငှ​​ပေးခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက်  မော်တော်ယာဉ်များ စီစဉ်ပေးပြီး အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)