ထိုင်းနိုင်ငံမှ မှာယူထားသည့် အောက်ဆီဂျင်အိုးများ တာချီလိတ်မြို့သို့ ရောက်ရှိ

တာချီလိတ် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ထိုင်းနိုင်မှ မှာယူထားသည့် အောက်ဆီဂျင်အိုး(၈၂)လုံး ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ယမန်နေ့က ရောက်ရှိလာကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများတွင် အသုံးပြုနိုင်ရန် အတွက် အလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည့် Oxygen (40 L) အိုးကြီး (၇၂)လုံး၊ တာချီလိတ်မြို့ အတွက် (၁၀)လုံး၊ စုစုပေါင်း (၈၂)လုံးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်ဌာနဆိုင်ရာများ၊ အလင်းရောင် ပရဟိတ အသင်းတို့က မြန်မာ-ထိုင်း နယ်ခြားကော်မတီ (TBC) မှတစ်ဆင့် ထိုင်းနိုင်ငံသို့မှာ ယူထားခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရောက်ရှိလာသည့် အောက်ဆီဂျင်အိုးများကို ပုသိမ်မြို့ရှိ ပရဟိတအသင်းသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)