ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရေကြီးမှုတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ရေဘေးဒုက္ခသည် ၂၀ဝ၀ဝ ကျော် ကျန်ရှိနေ

ဗန်ကောက် ၂၀  စက်တင်ဘာ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်လေးခုတွင် အပူပိုင်းမုန်တိုင်းများကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေကြီးမှုတွင် ရေဘေးဒုက္ခသည် ၂၀၆၂၀ မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ကျန်ရှိနေသေးကြောင်းနှင့် ရေကြီးမှုကြောင့် ၃၄ ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးကာကွယ်ရေးနှင့်လျှော့ချရေးဌာနက အတည်ပြုပြောကြားခဲ့သည်ကို ယမန်နေ့ ဆင်ဟွာ သတင်းတစ်ရပ်က ဖော်ပြထားသည်။

သြဂုတ် ၂၉ ရက်မှစတင်ကာ ထိုင်းနိုင်ငံ၏ ပြည်နယ် ၃၂ ခုတွင် ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန်ပင်လယ်တို့တွင် ဖြစ်ပေါ်သည့်အနောက်တောင် မုတ်သုံဝင်ရောက်မှုနှင့် အတူပိုဒူလ်နှင့် ကာဂျီကီကဲ့သို့သော အပူပိုင်းမုန်တိုင်းများ ဝင်ရောက်မှုခံခဲ့ရကြောင်း ဗန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် သဘာဝဘေးကာကွယ်ရေးနှင့် လျှော့ချရေးဌာန ညွှန်ကြားရေးမှူးချုပ်ချာယာဖိုလ် သီတီဆက်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် မြောက်ပိုင်းတို့ရှိ ခရိုင် ၁၈၂ ခုနှင့် ကျေးရွာ ၇၁၁၅ ရွာတို့တွင် ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုများအပါအဝင် အခြားသော သဘာဝဘေးများ ကျရောက်မှုရှိခဲ့ကြောင်းလည်း ချာယာဖိုလ် သီတီဆက်က ပြောကြားခဲ့သည်။ အဆိုပါ အပူပိုင်းမုန်တိုင်းများနှင့် မုတ်သုံဝင်ရောက်မှုတို့ကြောင့် အိမ်ထောင်စု ၄၁၈၅၄၉ စုကို ဘေးဒုက္ခရောက်စေခဲ့ပြီး ၃၄ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရေကြီးမှုတွင် ပိတ်မိကျန်ရှိနေသည့် ရေဘေးဒုက္ခသည် ၂၀၆၂၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သဘာဝဘေးကာကွယ်ရေး နှင့် လျှော့ချရေးဌာနအနေဖြင့် စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒုက္ခသည်များ ပိုင်ဆိုင်သည့် ပစ္စည်းများနှင့်အတူ ၎င်းတို့၏နေအိမ်များမှ ကျေးရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စစ်ဘက်ကုန်ကားများ အကူအညီဖြင့် နိုင်ငံပိုင်အေဂျင်စီများသည် ရေဘေးဒုက္ခသည်များကို အထောက်အပံ့များ ပေးလျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရန် ထိုင်းနိုင်ငံအလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်