ထိုင်းငံရှိ ထလေထိုင်း(မဟာချိုင်) ငါးလေလံဈေးကြီးမှ မြန်မာရေထွက်ပစ္စည်းများ ဝယ်ယူမှု ယာယီဆိုင်းငံ့မည်

စမွတ်ဆာခွန် ၂၃ စက်တင်ဘာ

ထိုင်းနိုင်ငံ၏ အကြီးဆုံး အဓိကငါးလေလံဈေးကြီး တစ်ခုဖြစ်သော ဗန်ကောက်မြို့တောင်ဘက်၊ စမွတ်ဆာခွန်ခရိုင်ရှိ ထလေထိုင်း(မဟာချိုင်) ငါးလေလံဈေးကြီးမှ မြန်မာရေထွက်ပစ္စည်းများ ဝယ်ယူမှုကို စက်တင်ဘာ ၂၁ ရက်မှစတင်၍ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း စမွတ်ဆာခွန်ခရိုင် ငါးရောင်းဝယ်သူများအသင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ငါးလေလံဈေးကြီးတွင် မြန်မာနိုင်ငံ ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ငါးနှင့်ရေထွက်ပစ္စည်းမျိုးစုံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လေလံတင်ရောင်းချလျက်ရှိသော ငါးလေလံဈေးကြီးလည်းဖြစ်ပြီး မြဝတီနယ်စပ် လမ်းကြောင်းမှတစ်ဆင့် ဧရာဝတီနှင့် ရခိုင်တို့ဘက်မှ ထွက်ရှိသည့် ရေထွက်ပစ္စည်းမျိုးစုံကိုလည်း တင်ပို့ရောင်းချလျက်ရှိသည့် ငါးလေလံဈေးကြီးလည်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ထလေထိုင်း(မဟာချိုင်) ငါးလေလံဈေးကြီးသို့ မြန်မာနိုင်ငံဘက်မှ လာရောက်တင်ပို့ရောင်းချနေသော အဓိကလမ်းကြောင်း ၂ ခုရှိပြီး မြဝတီ - မဲဆောက် လမ်းကြောင်းနှင့် ကော့သောင်း - ရနောင်း လမ်းကြောင်းတို့ဖြစ်ကြကာ ၎င်းလမ်းကြောင်း ၂ ခုစလုံးမှ ဝင်ရောက်လာမည့် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများကို ထလေထိုင်း ငါးလေလံဈေးကြီးအနေဖြင့် လုံးဝ(လုံးဝ) လက်ခံရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးကြေညာထားကြောင်း ပရာကျွပ် - မြိတ် ဆက်ဆံရေးမှူး ဉီးအောင်ကြည်မြင့်က ပြောဆိုသည်။

အကြောင်းပြချက်မှာ ယခင်နေ့က ထုတ်ပြန်ကြေညာခဲ့သော မဲ့ကလောင်ငါးဈေးကဲ့သို့ပင် မြန်မာနိုင်ငံတွင် ကူးစက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများသည် မြန်မာ့ရေထွက် ပစ္စည်းများမှတစ်ဆင့် ရောဂါပိုးများ ပါရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ယာယီဆိုင်းငံ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အချိန်ကာလ သတ်မှတ်ချက်ကိုတော့ ဖေါ်ပြထားခြင်းမရှိပါ။

ထို့‌ကြောင့် မြန့်မာရေထွက်ပစ္စည်းများကို အဓိကတင်ပို့ရာ ဈေးကွက် (၂)ခုလုံး တစ်ပြိုင်နက်တည်း ယာယီဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာ့ရေထွက်ပစ္စည်းများကို တင်ပို့နိုင်သော အဓိကဈေးကွက်သည် ရ‌နောင်းငါးဈေးကွက် တစ်ခုတည်းသာ ကျန်ရှိနေပြီး ၎င်းဈေးကွက်တစ်ခုတည်းကိုသာ လုံးလုံးလျားလျား အားထားသွားရတော့မည့် ရွေးချယ်စရာမရှိသည့် အခြေအနေသို့ မလွှဲမရှောင်သာ ရောက်ရှိသွားရတော့မည်ဖြစ်ကြောင်းနှင့် ယင်းအခြေအနေများကြောင့် မြန်မာ့ရေထွက်ပစ္စည်းများ၏ ဈေးနှုန်းနှင့် တန်ဖိုးများအပေါ် သက်ရောက်မှုများ ရှိလာမည်ကိုလည်း အချို့သော မြန်မာ့ရေလုပ်ငန်းရှင်များက အထူးစိုးရိမ်လျက်ရှိကြောင်း ပရာကျွပ် - မြိတ်ဆက်ဆံရေးမှူး ဉီးအောင်ကြည်မြင့် ထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ငါးအဝယ်ဒိုင်ငယ်များက ငါးအဝယ် ခေတ္တရပ်ဆိုင်းထားကြောင်း ငါးလှေငယ်ရှင်အချို့က ပြောကြားချက်အရ သိရပြီး၊ ကိုဗစ်ကာလ အကြပ်အတည်းများကြောင့် မြန်မာ့ရေထွက် ပစ္စည်းများ၏ ကဏ္ဍကို ထပ်ဆင့်ရိုက်ခတ် လာနိုင်မည်ကိုလည်း မြန်မာရေလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြောင်း စမွတ်ဆာခွန်ခရိုင် ငါးရောင်းဝယ်သူများအသင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး ပရာကျွပ် - မြိတ် ဆက်ဆံရေးမှူး ဉီးအောင်ကြည်မြင့် မှ ပြောဆိုခဲ့ကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)

ဓာတ်ပုံ- AKM Tourism