ထိုင်းမှ နေရပ်ပြန်လိုသူ ၁၆၀၀၀ ကျော်ရှိနေပြီး ပဲခူးတိုင်းဒေသကြီးအတွင်းနေထိုင်သူ အများဆုံးပါ၀င်

နေပြည်တော်  ၂၉  ဧပြီ

ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအနက်  ၁၆၃၂၄ ဉီးခန့်မှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အွန်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိရုံးသို့ စာရင်းပေးသွင်းထားကြောင်း သိရှိရသည်။ အဆိုပါ အလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက်မှ တဆင့်လာမည့် မေ ၁ ရက်တွင် စတင်၍ နေရပ်များသို့ ပြန်လာရန်အတွက် စာရင်းပေးသွင်းထားကြခြင်း ဖြစ်သည်။

“အွန်လိုင်းကနေတဆင့် စာရင်းပေးသွင်းထားကြသူတွေ ဖြစ်ပါတယ်။ အားလုံးကို လိုအပ်တဲ့အချက်အလက်တွေ တောင်းခံထားပါတယ်။ အလုပ်အကိုင်အမျိုးအစား၊ ပြန်မယ့်လိပ်စာတွေနဲ့ အခြားအချက်အလက်တွေကို စာရင်း ဖြည့်သွင်းပေးကြတာပါ။  ဧပြီ ၂၈ ရက် ည ၈နာရီအထိ  စုစုပေါင်း စာရင်းပေးသွင်းသူ ၁၆၃၂၄ ဉီးရှိနေပါတယ်”ဟု အလုပ်သမားသံအရာရှိ ဉီးဇော်မင်းထွေးက  အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြန်လည်၀င်ရောက်လိုသူများထဲတွင် အမျိုးသား ၁၁၁၇၈ ဉီးရှိပြီး အမျိုးသမီး ၅၁၄၆ ဉီး ပါ၀င်ကြောင်း သိရှိရသည်။ နေရပ်ပြန်လိုသည့် အလုပ်သမားများသည် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်သူ ၉၀၀၀ နီးပါးပါ၀င်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်သူ ၂၂၀  ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ၂၂၇၃ ဉီးနှင့် ရေလုပ်သားစုစုပေါင်း ၁၀၀ ၊ အခြားအလုပ်သမား ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

နေရပ်ပြန်လိုသည့် အလုပ်သမားအများစုသည် ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ခဲ့သူများဖြစ်ပြီး လက်ရှိစာရင်း ပေးသွင်းသူ၏ ၂၇ ဒသမ ၃ ရာခိုင်နှုန်း၊ လူဉီးရေ ၄၄၆၃ ဉီးခန့်ရှိနေကြောင်း အလုပ်သမားသံအရာရှိက ပြောသည်။ ဒုတိယအများဆုံး နေရပ်ပြန်အလုပ်သမားများ ပြန်လိုသည့်ဒေသသည် မကွေးတိုင်းဒေသကြီးဖြစ်ပြီး ပြန်လိုသူ၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်း လူဉီးရေ ၂၅၄၄ ဉီးဖြစ်ပြီး၊ တတိယအများဆုံး နေရပ်ပြန်အလုပ်သမားများ ပြန်လိုသည့်ဒေသမှာ မွန်ပြည်နယ်ဖြစ်ပြီး နေရပ်ပြန်လိုသူအားလုံး၏ ၁၂ ရာခိုင်နှုန်း လူဉီးရေ ၁၉၆၇ ဉီးရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေသို့ ပြန်လိုသူ ၄၆၀ ၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်လိုသူ ၈၆၀၊ တနင်္သာရီတိုင်း ဒေသကြီးသို့ ပြန်လိုသူ ၆၂၅ ဉီး၊ မန္တလေးတိုင်းဒေသကြီးသို့ ပြန်လိုသူ ၁၁၃၈ ဉီး၊ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လိုသူ ၆၂၉ ဉီး၊ ဧရာ၀တီတိုင်းဒေသကြီးသို့ ပြန်လိုသူ ၁၁၀၄ ဉီး၊ ကချင်ပြည်နယ်သို့ ပြန်လိုသူ ၁၂၅ဉီး၊ ကယားပြည်နယ်သို့ ပြန်လိုသူ ၈၀ ၊ ချင်းပြည်နယ်သို့ ပြန်လိုသူ ၂၆ ဉီး၊ ကရင်ပြည်နယ်သို့ ပြန်လိုသူ ၁၃၀၆ ဉီး၊ ရခိုင်ပြည်နယ်သို့ ပြန်လိုသူ ၂၆၉ ဉီးနှင့် ရှမ်းပြည်နယ်သို့ ပြန်လိုသူ ၇၂၈ ဉီးခန့်ရှိကြောင်း သိရသည်။

အများစုကတော့ သူတို့ရဲ့ သဘောဆန္ဒအရ ပြန်လာကြတာတွေဖြစ်ပါတယ်။ လူဉီးရေရဲ့ ၈၀၁၃ ဉီးက ကိုယ့်သဘောနဲ့ ကိုယ်ပြန်လာဖို့ ဆန္ဒပြုကြတာဖြစ်ပြီး စက်ရုံတွေပိတ်လို့ ပြန်ကြသူတွေက ၁၄၄၄ ဉီး၊ အလုပ်ထုတ်ခံရသူ စုစုပေါင်းက ၁၁၆၄ဉီး၊ လုပ်ခလစာမရတဲ့အတွက် ပြန်လိုသူက ၅၀၄ ဉီး၊ စာအုပ်သက်တမ်း ကုန်ဆုံးလို့ပြန်လိုသူက ၁၇၅၆ ဉီး၊ အထောက်အထားမရှိဘဲ ပြန်လိုသူက ၄၇၂ ဉီး၊ တရားမ၀င်အလုပ်သမား အဖြစ်ကနေ ပြန်လိုသူက ၂၀၂ ဉီးနဲ့ အခြားကတော့ ၂၆၈၈ ဉီး ရှိပါတယ်။ အွန်လိုင်းကနေ စာရင်းပေးသွင်းသူတွေအားလုံးရဲ့ ထက်၀က်ကျော်ပေါ့လေ ၅၃ ရာခိုင်နှုန်းကျော်ကတော့ ထိုင်းကို ပြန်သွားကြဖို့ စိတ်မကူးကြဘဲ လူဉီးရေ ၇၆၂၆ ဉီးကတော့ ထိုင်းနိုင်ငံကို ပြန်လည် ၀င်ရောက်လိုကြတာ ရှိပါတယ်” ဟု အလုပ်သမားသံအရာရှိက ပြောကြားသည်။

နေရပ်ပြန်လိုသည့် အလုပ်သမား ၁၆၃၂၄ ဉီးတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုပြီး သွားရောက်ခဲ့ သည့် အလုပ်သမားများအနက်မှ ၈၇၉၃ ဉီးက ပြန်လိုကြခြင်းဖြစ်သည်။  အချို့အလုပ်သမားများသည် CI  PV  Border Pass  PJ စသည့် အမျိုးအစားများဖြင့် သွားရောက်ကြသူများဖြစ်ပြီး ယင်းအနက်မှ ၁၆၉၇ ဉီးမှာမူ အထောက်အထား များမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့်ရက်ကို အွန်လိုင်းမှတစ်ဆင့် အဆိုပြုကြရာတွင် မေ ၁ ရက်တွင် ပြန်လိုသူ ၅၀၂၅ ဉီး၊ မေ ၂ ရက်တွင် ၂၄၃၉ ဉီး၊ မေ ၃ ရက်တွင် ၁၃၃၉ ဉီး၊ မေ ၄ ရက်တွင် ၄၀၁ ဉီး၊ မေ ၅ ရက်တွင် ၁၃၂၄ ဉီး၊ မေ ၆ ရက်တွင် ၆၀၇ ဉီး၊ မေ ၇ ရက်တွင် ၃၃၉ ဉီး၊ မေ ၈ ရက်တွင် ၁၇၂ ဉီး၊ မေ ၉ ရက်တွင် ၈၉ ဉီး၊ မေ ၁၀ ရက်တွင် ၂၇၆ ဉီး၊ မေ ၁၁ ရက်တွင် ၇၅ ဉီး၊ မေ ၁၂ ရက်တွင် ၇၂ ဉီး၊ မေ ၁၃ ရက်တွင် ၁၅ ဉီး၊ မေ ၁၄ ရက်တွင် ၁၃ ဉီးနှင့် မေ ၁၅ ရက်တွင် ၁၈၂ ဉီးစသည်ဖြင့် အဆိုပြုထားကြပြီး အခြားသူများက ကျန်ရှိသည့်ရက်များတွင် စာရင်းပေးသွင်းထားကြောင်း သိရသည်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှလည်း မြန်မာနိုင်ငံ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေကာလ ကုန်ဆုံးမည့် ဧပြီ ၃၀ ရက် နောက်ပိုင်းတွင်  နေရက်ပြန်ကြမည့် မြန်မာအလုပ်သမားများအား မြ၀တီ-မဲဆောက်မြို့ များတွင် ပြန်လည်စိစစ် လက်ခံကြိုဆိုခြင်းနှင့် အချက်အလက်များ ကောက်ယူခြင်းများကို တာ၀န်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

"ကိုဗစ်-၁၉ ကပ်‌ရောဂါရဲ့ အန္တရာယ်ဟာ ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် MOEAF အဖွဲ့ချုပ်က ပူးပေါင်းကူညီရန် တာဝန်ရှိ‌ပါတယ်။ ဒါကြောင့် မြန်မာပြည်ပ အလုပ်ကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့  ကိုယ်စားလှယ်အဖွဲ့ကို ထပ်မံဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ လိုအပ်တဲ့ ကျန်းမာရေးထောက်ပံ့‌ပစ္စည်းများကို စု‌ဆောင်းပြီး မြဝတီမြို့ကို ဧပြီ ၃၀ အရောက်သွားရောက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ အလုပ်ရုံအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား သံအရာရှိများနဲ့ စိစစ်လက်ခံကြိုဆိုရေး၊ အချက်အလက်ကောက်ယူရေး၊ MOEAF ၏ နှင်းဦးဝေ Facility Quarantine စင်တာတွင် လိုအပ်သော ကိစ္စအရပ်ရပ်များ ကို ပူးပေါင်းစီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဉီးမင်းလှိုင်က ပြောကြားသည်။

ထိုင်းနိုင်မှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံတော်ကဉီးစီး၍ မြဝတီခရိုင်အတွင်း Quarantine Center (၁၀) နေရာစီစဉ်ထားပြီး ဖြစ်ကြောင်းသိရှိရပြီး နေရပ်ပြန်ရောက်ချိန်တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ချမှတ်ထားသည့် လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း (Community Based Facility Quarantine) ၂၁ ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine) ၇ ရက်၊ စုစုပေါင်း (၂၈) ရက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်အကိုင်အများစု ရပ်တန့်သွားခဲ့သဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ကိုင်ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများစွာရှိနေသဖြင့်‌ နေရပ်ပြန်လိုသူများ ပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းမြန်မာအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-FED အမှုဆောင်ဒါရိုက်တာ ဉီးထူးချစ်ထံမှ သိရှိရသည်။

ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်း ပြည်နယ်၊ ချင်းရိုင်ပြည်နယ်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား များသည် လိုအပ်သည့်အကူအညီများကို အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး ဖုန်းနံပါတ် +၆၆၀၉၉၀၅၉၂၃၅၂ သို့ ဆက်သွယ်နိုင်သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အရေးပေါ် အကူအညီများ တောင်းခံလိုပါက ကောင်စစ်ဝန်၊ ပထမအတွင်းဝန် ဦးဇော်မျိုးထက် +၆၆၀၆၃၆၆၅၃၉၅၅နှင့် သံအရာရှိ ဒေါ်မြသိင်္ဂီ +၆၆၀၉၈၇၃၉၅၄၇၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ သိရသည်။

ခင်ရတနာ