ထိုင်းကမ်းခြေများတွင် စီးကရက်အစီခံများ ပစ်ချခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်

ဘန်ကောက် ၁၀ အောက်တိုဘာ

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတစ်ဝန်းရှိ ကမ်းခြေတွေမှာ စီးကရက်အစီခံများ စည်းကမ်းမဲ့စွာ ပစ်ချခြင်းကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရန် စီစဉ်နေတယ်လို့ အစိုးရထိပ်ပိုင်းအရာရှိတစ်ဦးက အောက်တိုဘာ ၉ ရက်က ပြောခဲ့ပါတယ်။

လာမယ့်လမှာ ထိုင်းနိုင်ငံတစ်ဝန်းရှိ အဓိကကျတဲ့ ကမ်းခြေတွေမှာ စည်းကမ်းမဲ့စွာ စီးကရက်အစီခံပစ်ခြင်းကို တရားဝင် တားမြစ်သွားမှာဖြစ်ပြီး တွေ့ရှိပါက ပြစ်ဒဏ်အနေနဲ့ အများဆုံးထောင်ဒဏ် တစ်နှစ် (သို့) ငွေဒဏ် ဘတ် ၁ သိန်း (သို့) ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရမှာ ဖြစ်တယ်လို့ ပင်လယ်နဲ့ကမ်းရိုးတန်း သဘာဝရင်းမြစ်ဌာနမှ အထွေထွေ ညွှန်ကြားရေးမှူးက အခုလိုမျိုး ပြောခဲ့ပါတယ်။

ပတ္တရား၊ ဖူးခက် အစရှိတဲ့ ကမ်းခြေတွေမှာ ပင်လယ်ပြင်နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် ပင်လယ်နဲ့ ကမ်းရိုးတန်းသဘာဝ ရင်းမြစ် စီမံခန့်ခွဲရေးအက်ဥပဒေ (၂ဝ၁၅) အရ ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်အတွင်း လှေများနှင့် ခရီးသွားလာရာတွင် အခုလိုမျိုးကျူးလွန်ပါက ယခုပြစ်ဒဏ်အတိုင်း ကျခံရမှာ ဖြစ်တယ်လို့လည်း ဌာနအကြီးအကဲဖြစ်သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖူးခက်ရှိ ၂ ဒသမ ၅ ကီလိုမီတာခန့် ရှည်လျားတဲ့ သဲသောင်ပြင်ကမ်းခြေတစ်လျှောက်မှာ စီးကရက်အစီခံပေါင်း တစ်သိန်းလေးသောင်းခန့် စည်းကမ်းမဲ့စွာ ပစ်ချခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဌာနဆိုင်ရာစစ်တမ်းများကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့ ပုပ်သိုးဆွေးမြည့်တဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်မလာစေဖို့ရန်အတွက် စီးကရက်အစီခံနှင့် စီးကရက်ဘူးခွံ တန်ပေါင်း ငါးသိန်းခန့်ကို တနှစ်အတွင်းဖျက်ဆီးနေရကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

(ဆင်ဟွာ)

ဘာသာပြန်- စုရည် (Myanmar Digital News)