ထိန်းသိမ်းသင့်သော မြန်မာ့ဝါးတော

ပေါက်ပေါက်

ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့

သက်ရှိသတ္တဝါများအားလုံးအတွက် ကမ္ဘာမြေကြီးက လက်ဆောင်ပေးထားသော ဝါးသယံဇာတများကို လေးစား တန်ဖိုးထားတတ်ကြစေရန် ရည်ရွယ်၍ နှစ်တစ်နှစ်၏ စက်တင်ဘာ ၁၈ ရက် ကို World Bamboo Day အဖြစ် တစ်ကမ္ဘာလုံးက အထူးတလည် သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းရှိ ဝါးစိုက်ပျိုးသူများ၊ ဝါးလုပ်ငန်းရှင်များ၊ ဝါးလက်မှု ပညာရှင်များအပါအဝင် ဝါးချစ်သူများ တစုတဝေးတည်း စုဝေး၍ အသိပညာများ ဖြန့်ဝေရန်နှင့် ဝါးအခြေခံစက်မှု ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနား ၂၀၁၉ (World Bamboo Day 2019) ကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် နောက်ပိုင်းမှစ၍ ယခုနှစ်မှာလည်း ကူးစက်မြန်ဆန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် လူစုလူဝေး ရှောင်ရှားသည့်အနေဖြင့် World Bamboo Day ကို ကျင်းပနိုင်ခြင်း မပြုနိုင်သေးပါ။

မြန်မာ့ဝါးပင်

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ဝါးမျိုးစု နှစ်မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြခတ်မ၊ ဝါးမင်းနှင့် ခဲလံဝါးတို့မှာ စီးပွားရေးအရ ဈေးကွက် ဝင်သည့် ဝါးအမျိုးအစားများ ဖြစ်ကြသည်။

ဝါးကို အဓိကစိုက်ပျိုးသော ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်ရှိ ကျေးရွာများ စသည်တို့ ဖြစ်သည်။ ၎င်းတို့အနက် ကော့မှူးမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဝါးယားနှင့် ထီးရိုးဝါးပံ့ပိုးပေးနေသည့် မြို့ဖြစ်သည်။ ငြမ်းစင်သည့် ဝါးများသည် အများအားဖြင့် ဝါးယားများဖြစ် ကြပြီး ထိုဝါးမျိုးသည် ကွေးညွှတ်ခြင်းကို ခံနိုင်ရည် ရှိကြသည်။ 

ပတ်ဝန်းကျင်အကျိုးပြု ဝါးပင်များ

ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူခြင်း၊ အောက်ဆီဂျင်ဓာတ်ကို ပြန်လည် ထုတ်ပေးခြင်း၊ အစိုဓာတ်ရှိနေချိန်တွင် စုပ်ယူထားရှိပြီး လုံးဝခြောက်သွေ့ချိန်တွင် အစိုဓာတ်များ ပြန်လည်ထုတ်ပေးခြင်း စသည်ဖြင့် ပတ်ဝန်းကျင်ကို အကျိုးပြုသည်။ ထို့ကြောင့် ဝါးပင်များသည် လူ၊ တိရစ္ဆာန်၊ သစ်ပင်များနှင့် သဘာဝတောတောင်များအတွက် အလွန်အရေးပါသော အပင်ဖြစ်သည်။ အမှန်စင်စစ် ဝါးပင်များသည် မြက်ပင်မိသားစုဖြစ်သော်လည်း ထူးခြားဆန်းပြားသော အချက်အလက် များ ရှိနေကြသည်။ ၎င်းတို့မှာ ကမ္ဘာ့ကြီးထွားမှု အမြန်ဆုံးအပင်အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင် တစ်မီတာအထိ မြင့်မားနိုင်သည်။ တစ်ရာသီအတွင်းမှာပင် လိုအပ်သည့် အမြင့်ပမာဏကို ရောက်ရှိနိုင် သည်။ လေးနှစ် (သို့မဟုတ်) ငါးနှစ်ကြာပြီးနောက် တစ်နှစ်တစ်ကြိမ် ပုံမှန်ရိတ်သိမ်းနိုင်ပြီး နှစ်ရှည်ခံ သည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည်။

ဝါးပင်များသည် လေထုထဲရှိ မြောက်မြားလှစွာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူ နိုင်စွမ်းရှိသည်။ ၂ ဒသမ ၄၇၁ ဧက (သို့ မဟုတ်) ၁ ဟက်တာကျယ်ပြန့်သော ဝါးပင်စိုက်ခင်းတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေသည့် ကာဗွန် ၆၂ တန်အထိ နှစ်စဉ်စုပ်ယူနိုင်သည်။ ထူးခြားမှုတစ်ရပ် အနေဖြင့် ဝါးစိုက်ခင်းနှင့် ပမာဏချင်းညီမျှသော တောအုပ်ငယ်တစ်ခုသည် ကာဗွန်ဒိုင်အောက်ဆိုက် ၁၅ တန် ဝန်းကျင်ကိုသာ စုပ်ယူနိုင်သည်။ သို့သော် ဝါးပင်များသည် လေထုထဲက ကာဗွန်ကို စုပ်ယူနိုင်မှု စွမ်းအားသည် အခြားအပင်များထက် လေးဆကျော် ပိုမိုထိရောက်မှုရှိသည်။ အထူးသဖြင့် ဝါးပင်၏အမြစ် ဖွဲ့စည်းမှုသည် ကျစ်လျစ်ခိုင်မာသည့်အတွက် မြေဆီလွှာရေတိုက်စားမှုကို ကာကွယ်ပေးသည်။ စနစ်တကျခုတ်ယူပါက အခြားသစ်ပင်များကဲ့သို့ အသစ်ပြန်စိုက်ရန်မလိုဘဲ ပြန်ပေါက်သည့်အတွက် ပြုန်းတီးရန်ခက်ခဲသည့် အပင်မျိုးဖြစ်သည်။ ဝါးပင်က ရာသီဥတုပူနွေးမှုကို လျှော့ချသည့်နေရာတွင် ကူညီနိုင်စွမ်းရှိသည်။

ဘက်စုံသုံး ဝါးပင်

အပူပိုင်းဒေသ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဝါးနှင့်ကင်းလွတ်သော ကျေးလက်ဒေသဟူ၍ မရှိချေ။ ဝါးမျိုး နွယ်ပင်မျှစ်ကို အင်္ဂလိပ်လို Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa vulgaris, Phyllostachys edulis ဟု ခေါ်သည်။ ရက်သတ္တနှစ်ပတ်သား မတိုင်ခင် ဝါးပင်ပေါက် အရွယ်မှာ ချိုးယူ၍ မျှစ်အဖြစ် စားသောက်နိုင်သည်။ မျှစ်ကို ချက်ချင်းလက်ငင်းချိုးပြီး စားသုံးနိုင် သကဲ့သို့ မျှစ်ချဉ် (သို့မဟုတ်) မျှစ်ခြောက်များအဖြစ် တာရှည်ခံအောင်ထား၍လည်း စားသုံးနိုင်သည်။ ဝါးပင်မှ ရသောမျှစ်သည် ရင်ကျပ်၊ ချောင်းဆိုး၊ သလိပ်နိုင်ဆေးအဖြစ် လွန်စွာဆေးဖက်ဝင်သည်။ ထို့ပြင် သွေးထဲရှိ မကောင်းသော LDL ကိုလက် စထရောအဆီများ ကျစေခြင်း၊ နှလုံးကိုပုံမှန်အလုပ် လုပ်စေခြင်း၊ ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာ များကို လျှော့ချပေးခြင်း၊ အမျိုးသမီးများကို သွေးသားသန့်စင်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ဝါးရွက်တွင် methanol ဓာတ်မြင့်မားစွာပါရှိနေပြီး၊ ဝါးရွက်ပြုတ်ရည်သောက်ခြင်းဖြင့် ဝမ်းဗိုက်အတွင်း ရှိ သန်ကောင်များကို သေစေနိုင်သည်။ တရုတ်ရိုးရာ ကုထုံးအဖြစ် ကိုယ်ဝန်ဆောင်များ ချောမွေ့စွာ မီးဖွားစေနိုင်ရန် ကိုယ်ဝန်ဆောင်၏ နောက်ဆုံးလတွင် မျှစ်ကို စားသုံးစေသည်။

ဝါးပင်ကို ကျန်းမာရေးဆိုင်ရာတွင်သာ အသုံးပြုနိုင်ရုံမျှမက အိမ်တွင်းအသုံးအဆောင်ပစ္စည်းများတွင်လည်း အသုံးပြုနိုင်သည်။ ဝါးပင်မှရသော ဝါးလုံးကို နေရာမျိုးစုံအတွက် အသုံးပြုလေ့ရှိကြသည်။ ဝါးပင်ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်သည့်အပြင် ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ အတွက် အသုံးဝင်လှသည်။ မီးဖိုချောင်သုံးပစ္စည်း အချို့ကိုလည်း ဝါးဖြင့်ပြုလုပ်နိုင်သည်။ နိုင်ငံတကာ အဆင့်မီ ဖန်တီးထားသည့် အိမ်သုံးပရိဘောဂပစ္စည်း အသုံးအဆောင်များကိုလည်း ဝါးဖြင့်ဖန်တီးပြုလုပ် လျက်ရှိသည်။ ထို့ကြောင့် ဝါးပင်သည် လူတို့အတွက် အစာအာဟာရမှ အစပြု၍ ဝင်ငွေရရှိရေး၊ ကမ္ဘာကြီး ပူနွေးမှုလျှော့ချရေးအထိ အကျိုးကျေးဇူးရရှိစေသည့် သဘာဝအရင်းအမြစ် ဖြစ်သည်။

သယံဇာတ ဝါး

၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေအရ ဝါးကို သစ်ပင်အနေဖြင့် ခွဲခြားသတ်မှတ်ထားသည်။ အလားတူ ၁၈၈၁ ခုနှစ် မြန်မာ့သစ်တော ဥပဒေ၊ ၁၉၀၂ ခုနှစ် မြန်မာ့သစ်တောဥပဒေနှင့် ၁၉၂၇ ခုနှစ် အိန္ဒိယသစ်တောဥပဒေများတွင်လည်း ဝါးကို သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားသည်။ သို့သော် သိပ္ပံနည်းကျ အပင်မျိုးရိုးဗီဇအရ ဝါးသည် အကြီးမြန်သော မြက်မျိုးနွယ်ပင်ဖြစ်သည်။ မြက်မျိုးရင်းဝင် ဝါးပင်ကိုယခုလို သစ်ပင်စာရင်းတွင် ထည့်သွင်းထားရခြင်းမှာ ဝါးသည် ပြန်လည်ဖွံ့ဖြိုးမြဲ သယံဇာတဖြစ်သော်လည်း အပင်မျိုး ပျောက်ကွယ်မသွားစေရန်အတွက် ရေရှည်တည်တံ့မှုကို စဉ်းစားပြီး သစ်ပင်ကဲ့သို့ နှစ်စဉ်ထွက်ရှိနိုင်မည့် ပမာဏထက် မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန်အတွက် သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပေသည်။

မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင် သယံဇာတသစ်တောသစ်ပင်များ ရှိကြသည်။ သယံဇာတ သစ်ပင်အများစု၏ သဘောသဘာဝအရ ယင်းသယံဇာတကို ရယူရန်အတွက် အချိန်ကြာရှည်စွာ စောင့်ရလေ့ရှိသည်။ တချို့သစ်ပင် သယံဇာတများက ပေါများသော်လည်း အသုံးဝင်မှုနည်းပါးခြင်း (သို့မဟုတ်) အသုံးတစ်ခုအတွက်သာ သင့်လျော်ခြင်း စသည်ဖြင့် ကန့်သတ်ချက်များရှိကြသည်။ ဝါးပင် မှာမူ အချိန်တို သုံးနှစ်၊ လေးနှစ်ဖြင့် သုံးနိုင်သော အဆင့်ရောက်ရှိခြင်း၊ ပေါများစွာပေါက်ရောက်ခြင်း၊ ဘက်စုံအသုံးဝင်ခြင်းတို့နှင့် ပြည့်စုံပေသည်။ သို့သော် ဝါးပင်များအား ဥပဒေအရ အကာအကွယ်ပေးမှု နည်းပါးပြီး စည်းကမ်းမဲ့ဝါးခုတ်ခြင်းကို အရေးယူမှုမရှိခြင်းနှင့် ပြန်လည်စိုက်ပျိုးမှုမရှိခြင်းတို့ကြောင့် ဝါးပင်များ ပေါက်ရောက်မှု တဖြည်းဖြည်း နည်းပါးလာသည်။

စနစ်တကျစိုက်ပျိုးသင့်သော ဝါး

ပြည်တွင်း၌ ဝါးပင်များသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် များစွာ အသုံးဝင်သောကြောင့် နိုင်ငံတစ်ဝန်းတွင် ဝါးစိုက်ခင်းများကို မူဝါဒချမှတ်ကာ စနစ်တကျ စိုက်ပျိုးသင့် ကြောင်း ပြည်တွင်းမှ စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားကြသည်။ မြန်မာနိုင်ငံတွင် အလှ စိုက်ပင်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် များစွာ အသုံးဝင်သည့် ဝါးပင်များကို ခုတ်ယူသုံးစွဲသူသာ များပြားပြီး ပြန်လည်ပြုစုပျိုးထောင် စိုက်ပျိုးရန် တာဝန်မဲ့မှုများကြောင့် လူအများလက်လှမ်းမီရာ တောစပ်နေရာများတွင် ဝါးပင်များနှင့် ဝါးရုံတော များ ရှားပါးလာသည်။ ယခင်က တောစပ်များ၌ပင် ခုတ်ယူနိုင်သော ဝါးများကို ယခုအခါ တောအတွင်း ပိုင်းထဲအထိ ဝင်ရောက်ခုတ်ယူနေရခြင်းကြောင့် သယ်ယူစရိတ်များ ပိုမိုကုန်ကျကာ ဝါးဈေးများ မြင့်တက်လာသလို ဝါးအသုံးပြုရသော လူသုံးပစ္စည်းများလည်း ဈေးတက်လာသည်။

ဝါးခုတ်သူများသည် ၎င်းတို့ခုတ်ယူလိုက်သော နေရာများတွင် ဝါးပင်များအား ပြန်လည်အစားထိုး စိုက်ပျိုးလေ့မရှိသလို စိုက်ပျိုးရေးနည်းစနစ်များကိုလည်း သေချာစွာ သိရှိသူနည်းပါးကြောင်း၊ လက်ရှိ တွင် ဝါးစိုက်ပျိုးနည်းများကို မြန်မာနိုင်ငံ ဝါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှနေ၍ သင်တန်းပို့ချခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ဝါးစိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တနင်္သာရီဒေသမှ ကချင်ပြည်နယ်အထိ ဝါးပင်များစိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် မူဝါဒချမှတ်ပြီး စနစ်တကျစိုက်ပျိုးပါက အောင်မြင်မှုရရှိနိုင်ကြောင်း၊ ထို့အပြင် အရည်အသွေးကောင်းမွန်သော ဝါးကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူလေ့ရှိသဖြင့် အဆင့်မြင့်နည်းပညာများနှင့် အရည်အသွေးမြင့်စေသော ဝါးမျိုးများ စိုက်ပျိုး ထုတ်လုပ်နိုင်ပါက နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ဝါးတောဧရိယာ စုစုပေါင်း ဟက်တာ ၁ ဒသမ ၇ သန်းကျော် ပိုင်ဆိုင်ထားသည့် မြန်မာ နိုင်ငံအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ နှစ်စဉ် ဝါးထုတ်လုပ်မှုမှာ တောထွက်ဝါးလုံးရေ ၆၃ သန်းကျော် ရှိသည်ဖြစ်ရာ ဝါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး ရေးကို စနစ်တကျလုပ်ဆောင်နိုင်ပါက ပြည်ပပို့ကုန် အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တိုးပွားစေမည်ဖြစ်သည်။ နိုင်ငံတော်က ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာရေးအတွက် စီစဉ်ပေးခြင်း၊ ဝါးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စက်မှုဇုန်ဖန်တီးပေးခြင်း၊ ပို့ကုန်အမယ်သစ်အဖြစ် မျှစ်စိုက်ခင်းများ သီးသန့်ဖော်ဆောင်၍ တန်ဖိုးမြင့် မျှစ်စည်သွတ်ဘူးလုပ်ငန်း ထုတ်လုပ်နိုင်ရေးကို အားပေးခြင်းနှင့် အခွန်အခများ လျှော့ပေါ့ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါက မြန်မာ့ဝါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြုစေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဝါးနှင့် ကြိမ်သယံဇာတပေါ ကြွယ်ဝသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှု အားနည်းနေခြင်းကြောင့် ပြည်ပနိုင်ငံများသို့ ကုန်ချောတင်ပို့မှုတွင် အဆင့် ၁၆ နေရာ၌သာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ တောတောင်၊ ရေမြေ မရွေးပေါက်ရောက်သည့် မြန်မာ့ဝါးကို အကျိုးရှိရှိ အသုံးချတတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့်သည့်အပင် အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါးဖြင့် ပြုလုပ်သည့် ကုန်ချောပစ္စည်းများကို အမျိုးအစားအလိုက်၊ ထုတ်လုပ်မှုအဆင့်အလိုက် ခွဲခြားကာ တစ်ရွာထွက်ကုန်တစ်မျိုး One Village One Product ထုတ်လုပ်နိုင်သည့် ရွာများကို အားပေး မြှင့်တင်ခြင်းဖြင့် ဝါးကုန်ချောထုတ်လုပ်မှုများစွာ တိုးတက်လာမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့ကြီးထွားမှု အမြန်ဆုံးအပင်သည် “ဝါးပင်” ဖြစ်ပြီး “အစိမ်းရောင် ရွှေ” ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ဝါးပင်သည် မြေသြဇာ၊ မြေဆီလွှာနှင့် မြေထိန်းသီးနှံအဖြစ် လည်းကောင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းသီးနှံ အဖြစ်လည်းကောင်း သဘာဝအတွက် များစွာ အကျိုးပြုသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဝါးမျိုးစိတ်များသည် တောင်တန်းဒေသ၊ ကုန်းမြင့် ဒေသအပါအဝင် ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ဝါးကို ဒေသရိုးရာအဖြစ် အဆောက်အအုံ ဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း အပါအဝင် လူ့အသုံးဆောင်အမျိုးမျိုး စသည်ဖြင့် အသုံးဝင်ပြီး ထိုလုပ်ငန်းများကြောင့် ကျေးလက်ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သည်။ အထူးသဖြင့် ယနေ့ကမ္ဘာ့လူသားများ၏ အသက်ဘေးအန္တရာယ်ကို စိန်ခေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် လေထုကို သန့်စင်ပေးနိုင်ပြီး အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်သော ဝါးပင်များကို တစ်ပိုင်တစ်နိုင်အဖြစ် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် ကြီးထွားမှုမြန်ဆန်ပြီး ဒေသ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သစ်အစားထိုး ဝါး(သစ်) တောများကို များများတိုးချဲ့စိုက်ပျိုး၍ ဝါးသယံဇာတကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။