ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေသည့် အစိမ်းရောင်တံတိုင်းများ

 

မြန်လင်းမောင်

 

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့သည် (၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ ဖြစ်သည်။

 

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီ မြို့၌ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အထွေထွေ ညီလာခံကြီး၌ ဒီရေတော ဂေဟစနစ်၏ အရေးပါမှု ကို သတိပြုမိစေရန်၊ ရေရှည်တည်တံ့သော ဒီရေတော ဂေဟစနစ်များ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှု အတွက် အသိပညာများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ် ဇူလိုင် ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ ကျင်းပရန် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ဒီရေတောသည် ရေငန်တွင်ပေါက်သောအပင်များဖြစ်ပြီး အပူပိုင်းနှင့် သမပိုင်းဒေသများရှိ ကမ်းရိုးတန်းများ တစ်လျှောက်တွင် တွေ့ရလေ့ရှိသည်။ ဒီရေတောများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အပူပိုင်းသစ်တောများအားလုံး၏ တစ်ရာခိုင်နှုန်းအောက်နှင့် သစ်တောမြေ စုစုပေါင်း၏ ၀ ဒသမ ၄ ရာခိုင်နှုန်းအောက်သာ ရှိကြသော်လည်း ရှားပါးပြီး အံ့ဩဖွယ်ကောင်းသည့် ဂေဟစနစ်တစ်ခုဖြစ်သည်။ ဒီရေတောများသည် ဂေဟစနစ်ဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှုများ အများအပြားကို ပေးစွမ်းနိုင်သောကြောင့် ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကမ်းရိုးတန်းဒေသများကို အကာအကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်း၊ ဆူနာမီ နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းမှ ကာကွယ်နိုင်ခြင်း၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ လေနှင့် မြေတိုက်စားမှုတို့ကို ကာကွယ်ပေးခြင်း၊ ငါးများ၊ ခရုများ၊ ရွှေ့ပြောင်းငှက်များနှင့် အင်းဆက် အမျိုးမျိုးတို့အတွက် နေထိုင်ရာ၊ သားပေါက်ရာနေရာနှင့် အာဟာရဓာတ်များရရှိစေသည့်အပြင် နို့တိုက်သတ္တဝါများ၊ တွားသွား သတ္တဝါများနှင့် ကုန်းနေ ရေနေသတ္တဝါများအတွက် အထောက်အပံ့ ပေးနိုင်သဖြင့် ကြွယ်ဝသော ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းနိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိသည်။ ထို့ပြင် ဒီရေတော ဂေဟစနစ်များသည် ကမ်းရိုးတန်းများတွင် မှီတင်းနေထိုင်ကြသည့် ဒေသခံများအတွက် အဓိက ဝင်ငွေရရှိစေသည့်အပြင် ငါးလုပ်ငန်းနှင့် ငါးသယံဇာတများ အစဉ်တည်တံ့ စေရေးအတွက် အထူးအရေးပါလျက် ရှိသည်။

 

ဒီရေတောများက မြန်မာ့ကမ်းရိုးတန်းဒေသများကို သဘာဝဘေးအန္တရာယ် ကျရောက်မှုမှ အကာအကွယ်ပေးလျက် ရှိသည့်အပြင် ဒီရေတောများသည် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက် ရှိသည်။ ဒီရေတောများသည် အခြားသစ်တော အမျိုးအစားနှင့် နှိုင်းယှဉ်ပါက ကာဗွန်စုပ်ယူသိုလှောင်နိုင်စွမ်းအား ငါးဆမှ ဆယ်ဆခန့်အထိရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ကမ္ဘာ့ရာသီဥတုပူနွေးလာမှု ဖြစ်စဉ်များလျှော့ချရေးအတွက် ဒီရေတောထိန်းသိမ်း ရေးနှင့် ပြန်လည်ထူထောင်ရေးကို ကမ္ဘာတစ်ဝန်း အလေးထားဆောင်ရွက်လာကြသည်။

 

မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျက်ရှိပြီး ကမ်းရိုးတန်းအရှည် ၂၈၃၂ ကီလိုမီတာ၊ ကမ်းဦးရေတိမ်ပိုင်း ရေပြင် အကျယ်အဝန်းမှာ ၂၂၈၀၀၀ စတုရန်း ကီလိုမီတာခန့်နှင့် အထူးသီးသန့် စီးပွားရေးဇုန်ဧရိယာ ၄၈၆၀၀၀ စတုရန်း ကီလိုမီတာခန့်ကို ပိုင်ဆိုင် ထားကာ ဇီဝမျိုးစုံမျိုးကွဲများစွာ တည်ရှိကျက်စားနေထိုင်ကြသည့် ရေငန်ဂေဟစနစ်ကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားလျက်ရှိသည်။ အဆိုပါ ဂေဟစနစ်တွင် ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ လတာပြင်၊ မြစ်ဝနှင့် သဲသောင်ကမ်းခြေဂေဟစနစ်များ စသည်တို့ပါဝင်သည့် အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံး ပုံမှန် လည်ပတ်နိုင်ရန် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

 

 One Earth ၏ အချက်အလက်များအရ မြန်မာ့ဒီရေတောများသည် ကမ္ဘာ့ဒီရေတောဧရိယာ စုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ဒီရေတောဧရိယာဟက်တာပေါင်း ၂၁ သန်း(ဧကပေါင်း ၅၂ သန်းခန့်) ပေါက်ရောက်လျက်ရှိသဖြင့် အာရှဒေသတွင် တတိယအများဆုံးနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်အများဆုံး ဒီရေတောအဖြစ်ထိန်းသိမ်း ထားနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအရ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများကို နိုင်ငံဧရိယာ၏၂၅ ဒသမ ၇၂ ရာခိုင်နှုန်းအထိလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၇ ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၀၉ ရာခိုင်နှုန်းအထိလည်းကောင်း သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့ကမ်းရိုးတန်းရှိ ဒီရေတောများသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဒီရေတောများအကြား ဒီရေတောအပင်မျိုးစိတ်များ ပေါကြွယ်ဝမှု အမြင့်မားဆုံးများထဲမှ တစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဒီရေတောသစ်မျိုး နှစ်မျိုးဖြစ်သည့် မြိုင်ကြီးပင် (Bruguiera hainesii) နှင့် ကနစိုးပင် (Heritiera fomes)တို့ကို ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက် ရှိသည်။

 

mdn

 

တစ်ကမ္ဘာလုံးတွင် ဒီရေတောများသည် လုံးဝပျက်စီးရန် အန္တရာယ် ရှိနေပြီး Global Mangrove Alliance၏ အဆိုအရ ယနေ့အထိ ဒီရေတောများ၏ ခန့်မှန်းခြေ ၆၇ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ကာ နောက်ထပ် တစ်ရာခိုင်နှုန်းသည် နှစ်စဉ်ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။ ခြုံငုံသုံးသပ်ကြည့်ပါက ဒီရေတောများသည် ကမ္ဘာ့သစ်တောများ ဆုံးရှုံးမှုထက် ၃ ဆမှ ၅ ဆအထိ ပိုမိုမြန်ဆန်လျက် ရှိသောကြောင့် ဒီရေတော များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် အလွန်အရေးကြီးသည်။

 

မြန်မာ့ဒီရေတောများ၏ အခြေအနေမှာလည်း ဧရာဝတီတိုင်းဒေသကြီးတွင် သိသိသာသာကျဆင်းလျက်ရှိပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်း ဒီရေတောများ နိမ့်ပါးလျော့ကျလာလျက် ရှိသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ (၂၀၁၈)အရ ၁၉၇၈ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်ကြား ကာလတွင် ဒီရေတောပမာဏ လျော့ကျမှုနှုန်း မှာ ၆၄ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၃ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျလျက်ရှိသော ကြောင့် အခြားသစ်တောအမျိုးအစားများ ပြုန်းတီးမှုထက် ပိုမိုမြင့်မား လျက်ရှိသည်။ မြန်မာ့ဒီရေတောများတွင် ကျန်ရှိသောနေရာ အနည်းငယ်အနက် မိန်းမလှကျွန်း ဘေးမဲ့တောနှင့် တနင်္သာရီတိုင်းဒေသကြီး၌ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ဒေသရှိ ဒီရေတောများသာ မပျက်စီးဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။

 

 

ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ရပ်ရှိရာ ပန်းတိုင် (၁၄) သည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်ဆိုင်သည့်ပန်းတိုင်ဖြစ်ရာ အစိမ်းရောင်တံတိုင်းများသဖွယ် အကာအကွယ်ပေးနေသည့် ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသ သစ်တောများပျက်စီးခြင်း၊ ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ သယံဇာတနှင့် သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် အဏ္ဏဝါညစ်ညမ်းခြင်း၊ ရေဝေရေလဲဒေသများ လျော့ပါး ပျက်စီးလာခြင်း စသည့်ပြဿနာများကို ဖြေရှင်းနိုင်ရန် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ထိန်းသိမ်းရေးစီမံကိန်း များကို အလေးပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။