ထိန်းချုပ်မှု ကင်းမဲ့သွားသည့် တရုတ်အာကာသယာဉ် ကမ္ဘာ့လေထုအတွင်းသို့ ဝင်လာနိုင်

ပေကျင်း ၃၀ မတ်

 

၂၀၁၆ ခုနှစ်က အာကာသအခြေစိုက်စခန်းကနေ ထိန်းချုပ်မှု ကင်းလွတ်သွားတဲ့ တရုတ်အာကာသယာဉ် Tiangong-1 ဟာ ကမ္ဘာ့လေထုထဲကို တစ်ပတ်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း သိရပါတယ်။ အရှည် ၁၀ မီတာ၊ အလေးချိန် ၈.၅ တန်ရှိတဲ့ Tiangong-1 အာကာသယာဉ်ကို တရုတ်နိုင်ငံက ၂၀၁၁ ခုနှစ်မှာ လွှတ်တင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ရုတ်တရက်  ထိန်းချုပ်မှုကနေ ကင်းလွတ်သွားတာဖြစ်ပါတယ်။ 

 

ဥရောပ အာကာသအေဂျင်စီက အာကာသယာဉ်ကို စောင့်ကြည့်နေပြီး မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၂ ရက်နေ့ ကြားထဲမှာ ကမ္ဘာပေါ်ပြန်ကျလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ခန့်မှန်းချက်အရ ဂျပန်အပါအဝင် အထင်ကရမြို့ကြီးများ တည်ရှိတဲ့ တောင်လတ္တီတွဒ်နဲ့ မြောက်လတ္တီတွဒ် ၄၃ ဒီဂရီကြား မည်သည့်နေရာကိုမဆို ကျလာနိုင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ အာကာသယာဉ်ဟာ လေထုထဲမှာပဲ လောင်ကျွမ်းသွားပြီး အပျက်အစီး အပိုင်းအစများအဖြစ်သာ လာရောက် ထိခိုက်နိုင်ကြောင်းလည်း အန်အိတ်ချ်ကေ သတင်းအရ သိရပါတယ်။

 

MDN
ကိုးကား - အန်အိတ်ချ်ကေ