ထီးလင်းမြို့နယ် ပဇင်းချောင်းကျေးရွာ၌ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းဖွင့်

ထီးလင်း   ၂၁    နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပဇင်းနားကျေးရွာအုပ်စု၊ ပဇင်းနားကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းဖွင့်ပွဲ အခမ်း အနားကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းနှင့် လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်း တို့က အဖွင့်အမှာ စကားပြောကြားပါသည်။

 

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းတွင် ထီးလင်းမြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ကျေးရွာအသီးသီး၏ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ ပညာပေးပိုစတာများ၊ စီမံကိန်းဆိုင်ရာ စာစောင်နှင့်စာအုပ်များကို တက်ရောက်လာသော ကျေးရွာသူ ကျေးရွာသားများက လေ့လာဖတ်ရှုကြပြီး  ကျေးရွာအလိုက် စီမံကိန်းဆိုင်ရာ ဉာဏ်စမ်း မေးခွန်းများကို ထီးလင်းမြို့နယ် နည်းပညာ အကြံပေးအဖွဲ့က သတင်းနှင့် ပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဦးကျော်ဇေယျက မေးမြန်းပြီး ဖြေဆိုနိုင်သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြပွဲအခမ်းအနားကို ထီးလင်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်း ကျေးရွာ၊ တောရောင်း ကျေးရွာ၊ ဝါးဘိုးချောင်ကျေးရွာ၊ ဝက်သက်ရွာမကျေးရွာနှင့် ပဇင်းချောင် ကျေးရွာ (၅)ရွာမှ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသား (၁၁၁) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

 

စိုးမိုးကျော်