ထီးလင်းမြို့နယ် ကဇွန်းထောင့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး

ထီးလင်း ၇ မတ် 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် ဖောက်လုပ်ပေးလျက်ရှိသော ကဇွန်းထောင့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၆ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဉီးသန်းထိုက်ဇော်မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဦးဝင်းသူရ ဦးစီးအရာရှိ(နည်းပညာ)နှင့် ဝန်ထမ်းများ၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရိုင်ဦးစီးမှူး ဉီးဝင်းအောင်နှင့် မြို့နယ်မှတာဝန်ရှိသူများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကဇွန်းထောင့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။   

၁

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၃၁ ဒသမ ၉၉၄ သန်းဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လမ်းအရှည် ၁မိုင်၊ လမ်းအကျယ်(၁၂)ပေ၊ အမြင့်တစ်ပေကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် သာထွန်းမြတ်ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထီးလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှင့် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ထုတ်လမ်းဖောက်လုပ်ခြင်းကို ကဇွန်းထောင့် ကျေးရွာ မြေနီကျောက်စရစ်ခင်းခြင်း(၁)မိုင်နှင့် ထလင်းကျေးရွာ မြေနီကျောက်စရင်ခင်းခြင်း ၁ မိုင် ၄ ဖာလုံ၊ တစ်ပေရေပြွန်(၄)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ဖောက်လုပ်ပေးလျက်ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြခဲ့သည်။

စိုးမိုးကျော်