ထီးချိုင့်မြို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်

ထီးချိုင့် ၂၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

 

ဧရာ၀တီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ထီးချိုင့်မြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ထပ်မံတင်ပြလာသည့် စာရင်းများအရ အမှတ်(၄) ဘုရင်နောင့်ရပ်ကွက်မှ အိမ်ထောင်စု(၁၅)စု လူဦးရေ(၇၁)ဦးကို ရွှေစည်းခုံဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ ဆတ်ကျအုပ်စု ကိုးတဲကျေးရွာမှ အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၃၄)ဦးကို နီးစပ်ရာဆွေမျိုးများအိမ်သို့ လည်းကောင်း၊ မြတောင်ကျေးရွာမှ အိမ်ထောင်စု(၈)စု လူဦးရေ(၃၅)ဦးကို ဖော်တော်ဦးဇရပ်သို့လည်းကောင်း၊ မြတောင်ကျေးရွာမှ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၀)ဦးကို နီးစပ်ရာဆွေမျိုးများအိမ်သို့ လည်းကောင်း၊ မြတောင်အုပ်စု အောင်သာယာကျေးရွာမှ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၂)ဦးကို နီးစပ်ရာဆွေမျိူများအိမ်သို့ လည်းကောင်း ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

 

ထိုသို့ ပြောင်းရွှေ့မှုအနေဖြင့် ဇူလိုင် ၂၆ ရက် မွန်းလွဲ (၂)နာရီ စာရင်းကောက်ခံချက်အရ အိမ်ထောင်စု (၂၅၂)စု လူဦးရေ (၁၁၀၇)ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ ထီးချိုင့်မြို့၏ စိုးရိမ်ရေအမှတ်သည် ၇၄၀ စင်တီမီတာရှိရာ ယနေ့ နံနက် ၆ နာရီ ဧရာဝတီမြစ်ရေ တိုင်းထွာချက်မှာ ၇၆၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ယမန်နေ့ကထက် ၃ စင်တီမီတာ ကျဆင်းသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

 

ရဲလင်းထွန်း (ထီးချိုင့်)