ထောပတ် Hass မျိုး စိုက်ပျိုးရာတွင် အအေးဓာတ်ပိုမိုများပြားသည့် ဒေသများတွင် စိုက်ပျိုးသင့်

တောင်ကြီး၊  ၁၈  ဒီဇင်ဘာ

 

ကမ္ဘာတွင် အကြီးဆုံးဈေးကွက်ဝေစု ရရှိထားသည့် ထောပတ်မျိုး Hass မျိုးကို စိုက်ပျိုးရာတွင် အအေးဓာတ် ပိုမိုများပြားသည့် ဒေသများတွင် စိုက်ပျိုးသင့်ကြောင်း ထောပတ်စိုက်ပျိုးရေး ကျွမ်းကျင်သူများထံမှ သိရသည်။

 

"Hass ကို စိုက်သင့်သလားလို့မေးရင် စိုက်သင့် ပါတယ်လို့ ပြောရမှာပါ။ Hass က နေရာတိုင်းတော့ စိုက်မရဘူးဗျ။ ထောပတ်မျိုးထဲမှာ အအေးပိုကြိုက်လို့ပါ။ ဟု မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

 

mdn

 

 

တချို့မြန်မာတောင်သူများအကြား Hass မျိုးသည် အပင်အသေအပျောက်များပြားသည်၊ မြန်မာနိုင်ငံ ရေ၊ မြေ၊ အနေအထားနှင့် မကိုက်ညီ ဟု ဆိုနေကြသည်များလည်း ရှိပြီး၊ အဓိကအကြောင်းအရင်းမှန်မှာ ထောပတ်ပျိုးခြံနှင့် ကိုင်းဆက်ပင်၏ အရည်အသွေးများအပေါ်တွင်သာ များစွာမူတည်နေကြောင်း သိရသည်။

 

"ထိုင်းနိုင်ငံက ထောပတ်ခြံတစ်ခြံဆိုရင် နည်းနည်းပိုပူတဲ့နေရာမှာစိုက်မိလို့ ကိုင်းဆက်ပင် ရှစ်နှစ်သားကို အလုံးတစ်ရာပိုပိုပဲ သီးပြီး ထွက်ရှိချိန်ကလည်း တစ်လလောက် စောပါတယ်။ မသီးတာတော့ မဟုတ်ပါဘူး။ စီးပွားမဖြစ်ဘူးလို့ ပြောချင်တာပါ။

 

ကျွန်တော်တို့ရှမ်းပြည်မှာတောင် နည်းနည်းပူတဲ့ နေရာတွေမှာစိုက်ရင် အဲ့ဒီပြဿနာ တွေရှိနိုင်လို့ အပူနည်းနည်း ပိုကြိုက်တဲမျိုး (eg.Buccanear, pinkerton, Boot7, peterson, 034)မျိုးတွေကို အကြံပေး ဖြစ်ပါတယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။

  

အခြား ထောပတ်မျိုးများနှင့် နှိုင်းယှဉ် စိုက်ပျိုးပါက Hass မျိုးသည် အပင်ရောဂါဒဏ် ပိုမိုခံနိုင်ရှိခြင်း၊ အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင်ပါက ဈေးကွက်ထိုးဖောက်နိုင်ခြင်း စသည့် အားသာချက်များ ရှိသော်လည်း၊ Hass မျိုးကို စိုက်ပျိုးလိုသည့် ထောပတ်စိုက်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးမည့် ပျိုးပင်၏အရည်အသွေးကို မစိုက်ပျိုးခင် သေချာစီစစ်ဝယ်ယူသင့်ကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်