ထောက်ပံ့ကူညီမှု (၅)မျိုးကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်

ညောင်ရွှေ  ၁၀  ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ ကံသာရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှု (၅)မျိုးကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာ ထောက်ပံ့နိုင်ရန်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စာရင်းကောက်ယူခဲ့ရာ ကံသာရပ်ကွက်တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀)နှင့် မင်္ဂလာရပ်ကွက်တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၁၆)စု ရှိကြောင်း၊ ၎င်းရပ်ကွက်တို့မှ ပြည်သူများက နိုင်ငံတော်မှ ထောက်ပံ့ကူညီမှု (၅)မျိုးကို ရယူခြင်းမပြုတော့ဘဲ နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်နေသည့် အခြားကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း၊ ဒေသခံစေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ အချင်းချင်းရိုင်းပင်း ကူညီထောက်ပံ့လှူဒါန်းမှုများဖြင့်သာ အခြေခံလူတန်းစား အိမ်ထောင်စုများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကံသာရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လှူဒါန်းပစ္စည်း လက်ခံစုဆောင်းခြင်းများဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၁ ရက်၊ နံနက် ၉ နာရီမှစတင်၍ ထောက်ပံ့ပစ္စည်းများကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်