ထားဝယ်တွင် ကမ်းဝေးငါးလုပ်ငန်းဆိုင်ရာ လေ့လာခြင်းနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုအတွေ့အကြုံများ မျှဝေခြင်း ဆွေးနွေးပွဲ ကျင်းပ

ထားဝယ်   ၈   နိုဝင်ဘာ

 

ကမ်းဝေးငါးလုပ်ငန်းဆိုင်ရာ လေ့လာခြင်းနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှု အတွေ့အကြုံများမျှဝေခြင်း ဆွေးနွေးပွဲကို ယနေ့နံနက်  ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက မြန်မာနိုင်ငံ၏ ပင်လယ်ငါးဖမ်းလုပ်ငန်းသည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ၏စီးပွားရေး၊ အစားအစာ လုံခြုံမှု၊ အာဟာရပြည့်ဝမှုမှာ အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှသာ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသော ပြည်သူလူထုများ၏ လူနေမှုဘဝ လုံခြုံမှုရရှိစေမှာဖြစ်ကြောင်း၊ ဇီဝဗေဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာစံပြုပုံစံ ( Bioeconomic Model ) ကို အသုံးပြုခြင်းဖြင့် နောင်အနာဂတ်တွင် တည်ရှိနိုင်သော ငါးထုထည်ပမာဏ၊ အခြားသောအခြေအနေအမျိုးမျိုး၊ အကြောင်းအရာ အချက်များကနေတစ်ဆင့် ငါးဖမ်းဆီး ထုတ်ယူနိုင်မည့်ပမာဏနှင့် ငါးသယံဇာတများကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပြီး ရရှိလာနိုင်သော အကျိုးအမြတ်များကိုလည်း ထိရောက်စွာစီမံခန့်ခွဲနိုင်မှာဖြစ်ကြောင်း၊ အဏ္ဏဝါသယံဇာတများကို စနစ်တကျ ရေရှည် ထုတ်ယူသုံးစွဲနိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျရာတာဝန် တစ်ထောင့်တစ်နေရာစီကနေ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် Thomas- Smyth မှ Alice နှင့် တက်ရောက်လာကြသူများက ကမ်းဝေးငါးဖမ်း လုပ်ငန်းများအကြောင်း၊ မြန်မာ့ငါးလုပ်ငန်း စီမံခန့်ခွဲမှု နည်းလမ်းများအကြောင်း၊ (Bioeconomic Model Application) လက်တွေ့ အသုံးပြုခြင်းနှင့် နောက်လုပ်ငန်းစဉ်များအကြောင်း စသည့်တို့ကို အုပ်စုများဖွဲ့၍ ဆွေးနွေးတင်ပြကြသည်။

 

ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများ၊ ငါးသယံဇာတ ပြန်လည်တိုးပွားလာခြင်းအပေါ် ရိုက်ခတ်မှုများနှင့်  အပြုသဘောဆောင်သော စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှုအား ဆွေးနွေးခြင်း၊ သိပ္ပံနည်းကျ ငါးလုပ်ငန်း စီမံခန့်ခွဲနည်းစနစ်များအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် လက်တွေ့အသုံးချခြင်းအား မိတ်ဆက်ပေးခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနည်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အလားလာရှိသော လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (EDF)မှ တာဝန်ရှိသူများ၊  လူမှုရေးအဖွဲ့များ၊ ဒေသခံရေလုပ်သားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN