ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံ ထွက်ပေါ်အောင် ပြုလုပ်သူ လူငယ်သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ထားဝယ် ၂၅ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် သြဂုတ်လ  (၁၁၊ ၁၂၊ ၁၃၊ ၁၇၊ ၂၁)ရက်နေ့များတွင် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပေါက်ကွဲသံထွက်ပေါ်အောင် လုပ်ဆောင်ခဲ့သူ လူငယ်သုံးဦးအား သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရကြောင်း သိရသည်။ 


ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ထားဝယ်မြို့ရဲစခန်းမှဒုရဲအုပ် အေးမင်းခိုင်နှင့်အဖွဲ့က စုံစမ်းနေစဉ် ဥဿရံရပ်ကွက် ကမ်းနားလမ်းရှိ တိုးတက်နိုင် ဓာတ်ဆီဆိုင်အနီး ယမ်းဖောက်မှုနှင့် ပတ်သက်၍ ဆိုင်ရှိ CCTV မှတ်တမ်းအား စုံစမ်းရာ ၅၆ယ/--- Click-125i အနီရောင်ဆိုင်ကယ်ဖြစ်ကြောင်း ဆိုင်ကယ်ပိုင်ရှင်မှာ ရေဖြူမြို့နယ် မူဒူးကျေးရွာနေသူဖြစ်ကြောင်း သိရသဖြင့် ဆက်လက်စုံစမ်းခဲ့ကြောင်း သိရှိရသည်။


စုံစမ်းချက်အရ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေသူ ညီညီစိုးအား ဘုမ္မော်ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံ၌ ၎င်းဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ မေးမြန်းရာ ဆိုင်ကယ်ပိုင်ရှင် မူဒူးကျေးရွာနေ စိုးမင်းသူပိုင်ဆိုင်ပြီး ၎င်းမှာဆင်ဆိပ်ရပ်ကွက်နေ အောင်သီဟဇော်နေအိမ်၌ ရှိနေကြောင်း သိရသဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထိုသို့ဝင်ရောက်ရှာဖွေရာ၌ အိပ်ရာကြမ်းခင်းတွင် အချင်းတစ်လက်မခန့်ရှိ ဘောလုံးပုံသဏ္ဍာန် ယမ်းကြိုးများပါရှိသည့် အနီ/အစိမ်း/ အပြာရောင်များပါရှိသော ဗြောက်အိုး ၆ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


၎င်းပစ္စည်းများမှာ အောင်သီဟဇော်နေအိမ် အောက်ထပ်၌ ငှားရမ်းနေထိုင်သည့် စိုးမင်းဦး၏ ပစ္စည်းများဖြစ်ကြောင်း သိရသဖြင့် စိုးမင်းဦးအား ခေါ်ယူ၍ ၎င်းတို့ သုံးဦးထံမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။


ပေါက်ကွဲစေတတ်သော ပစ္စည်းများအား နေရာတကျမထားဘဲ ပေါ့လျော့စွာထားရှိခြင်း၊ ပေါက်ကွဲစေတတ်သောအရာများအား အသုံးပြု၍ အများပြည်သူကို ထိတ်လန့်အောင်ပြုလုပ်သူ စိုးမင်းဦး၊  စိုးမင်းသူနှင့် ညီညီစိုးတို့ သုံးဦးအား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။


MDN

 

 image-0-0