ထားဝယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ထားဝယ်  ၅  နိုဝင်ဘာ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိ မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
 
ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲရုံများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့် သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ ဆန္ဒမဲပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထားဝယ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စု၊ မဲရုံပေါင်း (၁၀၄)ရုံရှိပြီး တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း (၁၇၇၂)ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင် အပါအဝင် မဲဆန္ဒရှင်ဦးရေ ၁၃၄၇၂၃ ဦးရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)