ထားဝယ်မြို့၌ အပတ်စဉ် (၂၄)သူနာပြု သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ထားဝယ်    ၃၁    အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်သူနာပြု သင်တန်းကျောင်း၏ အပတ်စဉ်(၂၄) သူနာပြု−သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းအုပ်ကြီးဒေါ်သင်းသင်းလှိုင် က သူနာပြုများ ခံယူ အပ်ယူအပ်သော သစ္စာအဓိဌာန်ကို တိုင်ပေးပြီး သားဖွားဒီပလိုမာအောင် လက်မှတ်ရရှိသူ ၅၂ ဦးအား အောင်လက်မှတ်များ ပေးအပ်သည်။

 

ထို့နောက် ထားဝယ်သူနာပြု သင်တန်းကျောင်းအုပ်ကြီးက ယနေ့သည် မောင်တို့မယ်တို့၏ဇွဲ ၊ လုံ့လ၊ဝီရိယဖြင့် ( ၃ )နှစ် တိုင်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခဲ့သည့် သူနာပြု −သားဖွား ဒီပလိုမာ ဘွဲ့လက်ခံသောနေ့ ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ ယခုရရှိပြီးဖြစ်သော ပညာ၏ အကျိုးကျေးဇူးများကို မိမိတစ်ဦးတည်း အကျိုးအတွက်သာ အသုံးမပြုပဲ ပြည်သူလူထုအတွက်  ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျေးဇူးဆပ်ရန်လိုကြောင်း ၊ မောင်တို့မယ်တို့အနေဖြင့် သူနာပြုစုရေး လုပ်ငန်းသာမက ပြည်သူ့ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ  ၊အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် သူနာပြု သုတေသနဆိုင်ရာ လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် တာဝန်ထမ်းဆောင် နိုင်ရန်အတွက် မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားစေရန် အစဉ်တစိုက်ကြိုးစား နေကြ ရန်တိုက်တွန်းလိုကြောင်း ၊ သူနာပြုလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် သူနာပြုကောင်းများ အဖြစ် ထိထိရောက်ရောက် စွမ်းဆောင်နိုင်အောင်ကြိုးစားကြရန်လိုကြောင်း ၊ ပြည်သူများ၏ ကျန်းမာရေးကို မြှင့်တင်စောင့်ရှောက်နိုင်သော မွန်မြတ်သည့် သူနာပြများအဖြစ် နိုင်ငံနှင့်လူမျိုး က ဂုဏ်ယူရမည့် ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်ကြပါစေကြောင်းပြောကြားပြီး သူနာပြု−သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ထားဝယ်သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် နှင့် သူနာပြုသားဖွားဆရာမများ ၊ သင်တန်းသား/သင်တန်းသူများ ၊  ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်