ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၇)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ထားဝယ် ၁၃  စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်အောင်ဆွေဒဂုံလမ်းသွယ်တွင် ယနေ့နံနက် ၁၁ နာရီခန့်က နေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်

 

ဖြစ်စဉ်တွင် အောင်ဆွေဒဂုံလမ်းသွယ်နေ အိမ်ပိုင်ရှင်ဒေါ်ပိုသန်း၏ နေအိမ်တွင် မီးဖို မီးကြွင်း မီးကျန်မှ  တစ်ဆင့် ထရံကာအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀)အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) နှင့် မီးငြိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၃)စီး၊   အထောက်အကူပြု ယာဉ် (၁)စီးနှင့်အတူ ရဲတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ရပ်ကွက်သူ/ ရပ်ကွက်သားများတို့က ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၁၁ နာရီခွဲခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် စုစုပေါင်းလူနေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူ ကျား (၈)ဦး၊ မ (၁၁)ဦး စုစုပေါင်း (၁၉) ဦး မီးဘေးသင့်ခဲ့ကာ မီးဘေးသင့်သူများအား တာဝန်ရှိသူများက နီးစပ်ရာ ဆွေးမျိုးသားချင်းများအိမ်တွင် ချထားပေးခဲ့ကြောင်း သိရ၍ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)