အ-ထ-က(ခွဲ) ငကျော်တောင်ကျောင်း၏ ဂုဏ်ဆောင် (၆) ဘာသာဂုဏ်ထူးရှင်ရွှေစင်လင်းနှင့်တွေ့ဆုံခြင်း

သံတွဲ ၅ ဇွန်

 

သံတွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ငကျော်တောင်ကျောင်း၏ ဂုဏ်ဆောင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဘာသာစုံဂုဏ်ထူးရှင် မရွှေစင်လင်းနှင့် ဇွန် ၄ ရက် မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။

 

 

အဆိုပါ ဘာသာစုံဂုဏ်ထူးရှင် မရွှေစင်လင်းကို (အဘ)ဦးစန်းလွင် (အ.လ.ပြ)၊ (အမိ) ဒေါ်ရဲရဲလှိုင်တို့မှ မွေးဖွားခဲ့သော သမီးလေးဖြစ်ပြီး မူလတန်းပညာကို ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ထိ အမက နံတော်ပြင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ပထမတန်း(ဒုတိယဆု)၊ ဒုတိယတန်း(တတိယဆု)၊ တတိယတန်း(ဒုတိယဆု)၊ စတုတ္ထတန်း (ပထမ) ဆုတို့ ရရှိကာ ငယ်စဉ်ကပင် ထူးချွန်စွာ အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။

 

 

ထို့နောက် ၂၀၁၃ ခုနှစ်တွင် အ.ထ.က(ခွဲ) ငကျော်တောင်ကျောင်းသို့ ပြောင်းရွှေ့လာပြီး ပဉ္စမတန်းမှ နဝမတန်းအထိကို ပညာသင်ကြားခဲ့ရာ ငါးနှစ်ဆက် ပထမဆုကို ရရှိခဲ့ပြီး (၂၀၁၆-၂၀၁၇-၂၀၁၈ ခုနှစ်) သုံးနှစ်ဆက်တိုက် သုံးထပ်ကွမ်း လူရည်ချွန်ဖြစ်ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်တွင် အထက်တန်းပညာသင်ဆုကိုပါ ရရှိကာ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငကျော်တောင်ကျောင်း၏ ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။

 

 

ဘာသာစုံဂုဏ်ထူးရှင် မရွှေစင်လင်းသည် ပညာကိုသာ ထူးချွန်ရုံမျှမကဘဲ ဘက်စုံထူးချွန်ဆုများလည်း ထူးထူးချွန်ချွန် ရရှိထားတာလဲဖြစ်သည်။ ရရှိခဲ့သည့် ဘက်စုံထူးချွန်ဆုများမှာ ပြည်နယ်အဆင့်ဆု (၃)ဆု၊ ခရိုင်အဆင့်ဆု (၆)ဆု ၊ မြို့နယ်အဆင့် ထူးချွန်ဆု (၉၁)ဆု စုစုပေါင်း ထူးချွန်ဆုပေါင်း တစ်ရာတွင် ပထမဆု( ၆၆)ဆု၊ ဒုတိယဆု(၁၁)ဆု၊ တတိယဆု(၂၃)ဆုကို ရရှိထားသည့်အပြင် ဘာသာရေးကိုင်းရှိုင်းသူတစ်ဦး ဖြစ်သည့်အားလျှော်စွာ နွေရာသီ ဗုဒ္ဓဘာယာဉ်ကျေးမှုသင်တန်းနှင့် ဘာသာရေးဆိုင်ရာ သင်တန်းများတွင်လဲ ပထမ၊ ဒုတိယဆုများကို ရရှိထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဘာသာစုံဂုဏ်ထူးရှင် မရွှေစင်လင်းနှင့် တွေ့ဆုံမေးမြန်းရာတွင်

 

မေး။ သမီးကို ငယ်စဉ်ကပင် ထူးချွန်ခဲ့သူတစ်ဦးလို့ သိရပါတယ်။ ဒီလိုထူးချွန်အောင် ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ပြောပြပေးစေချင်ပါတယ်။

 

မရွှေစင်လင်း။ သမီးဟာ သူငယ်တန်းကစပြီး ဆရာ/ဆရာမတွေရဲ့ ပြောစကားကို နားထောင်ပါတယ်၊ သင်ကြားပို့ချမှုတွေကို သေသေချာသင်ယူပြီး တစ်နေ့စာတစ်နေ့ ပြီးအောင်လုပ်ပါတယ်၊ ဒါကြောင့်သမီးဟာ ငယ်စဉ်ကစပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေကို စတင် ရရှိခဲ့ပါတယ်ရှင့်။

 

ဆယ်တန်းဆိုတဲ့ (တက္ကသိုလ်ဝင်တန်း)ကို ရောက်တဲ့အခါမှာ အရင်ကထက်ပိုပြီး ကြိုးစားခဲ့ရပါတယ်၊ ဆရာတွေနဲ့လည်း စာတွေကို သေသေချာချာ လုပ်ခဲ့ပါတယ်၊ ဘော်ဒါတော့ မနေပါဘူး၊ အလွတ်ကျုရှင်ကို ယူပြီးတော့ သင်ကြားခဲ့တယ်၊ ကျုရှင်က တစ်ပတ်တစ်ကြိမ် စစ်ဆေးတဲ့ စာမေးပွဲတိုင်းကိုလည်း လေးလေးနက်နက်ထားပြီး အမှတ်ပြည့်ရအောင် ကြိုးစားခဲ့ပါတယ်၊ ပြန်လှန်လေ့ကျင့်ခန်းများကိုလည်း များများလုပ်ပြီး ကျောင်းကြီးက တစ်လတစ်ကြိမ်စစ်တဲ့ စာမေးပွဲတွေကိုလည်း အလေးအနက်ထားပြီး ဖြေဆိုခဲ့တဲ့အတွက် စာမေးပွဲတိုင်းကို အမှတ်ပြည့် ရရှိခဲ့ပါတယ်ရှင့်၊ ဒါကြောင့် သမီး အခုလို အောင်မြင်မှုတွေ ရရှိပါတယ်လို့ ပြောချင်ပါတယ်။

 

မေး။ သမီးအနေနဲ့ ဘာသာစုံဂုဏ်ထူး ရရှိအောင် စာကိုဘယ်လိုဖတ်ခဲ့တယ်ဆိုတာကို ညီငယ်/ညီမငယ်လေးတွေ သိရှိအောင် ပြောပြပေးစေလိုပါတယ်ခင်ဗျ၊

 

မရွှေစင်လင်း။ သမီးစာဖတ်တာကတော့ မနက်ပိုင်းကို သေသေချာချာ ဖတ်ဖို့ အချိန်မရပါဘူး၊ ညပိုင်းကိုတော့ ည ၇ နာရီမှ ၁ နာရီခန့်အထိ နေ့စဉ်ဘာသာစုံကို တစ်နေ့စာတစ်နေ့ ပြီးအောင် ဖတ်ပါတယ်၊ တစ်ရက်တလေတော့ မပြီးတာ ရှိပါတယ်၊ ဒါပေမယ့် အတတ်နိုင်ဆုံး ပြီးစီးအောင် ဖတ်၊ မှတ်၊ လေ့လာခဲ့ပါတယ်ရှင့်။

 

မေး။ သမီးလေးကို သူငယ်တန်းမှစပြီး ယခုလို ဘာသာစုံ ဂုဏ်ထူးရရှိလာအောင် သမီးလေးရဲ့ ဖေဖေ၊မေမေတို့ အနေနဲ့ ဘယ်လိုသွန်သင် လမ်းညွှန်မှုတွေ လုပ်ပေးတယ်ခဲ့တယ်ဆိုတာ သိပါရစေ။

 

မရွှေစင်လင်း။ မေမေအနေနဲ့ကတော့ ဖွံ့ဖြိုးရေးအနေနဲ့ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ အစရှိတဲ့ ပြိုင်ပွဲများ အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်၊ နောက်ပြီး မေမေက သမီးရဲ့ ဘေးနားကနေပြီး အရိပ်တကြည့်ကြည့်နဲ့ နေထိုင်စားသောက်မှုကအစ ကျန်းမာရေး အခြေအနေထိ ဂရုစိုက်ပေးပါတယ်၊ ဖေဖေကတော့ လိုအပ်တဲ့ အချက်အလက် အားလုံးကို စုဆောင်းသင်ကြားပေးပြီး သမီးစာဖတ်တဲ့အခါ ဘေးနားက အမြဲနေပြီး မသိနားမလည်တဲ့ သင်ခန်းစာတွေကို သင်ကြားပြသပေးပါတယ်၊ မေမေကတော့ သမီးစာဖတ်လို့ အိပ်ချင်လာရင် အိပ်မပျော်ရအောင် ဘေးနားက အမြဲစောင့်ရှောက်ပေးခဲ့ပါတယ်ရှင့်။

 

မေး။ ကျောင်းမှာ သမီးတို့ကို ဆရာ/ဆရာမတွေက ဘယ်လိုသင်ကြားမှုမျိုး သင်ကြားပေးခဲ့ပါသလဲ သိပါရစေ။

 

မရွှေစင်လင်း။ ကျောင်းမှာကတော့သမီးတို့ ( Bio )တွဲသုံးယောက်ကို သီးခြားထားပြီး ဆရာမတွေ မအားလပ်တဲ့ကြားကနေ စနစ်တကျ သင်ကြားပေးခဲ့ပါတယ်၊ သမီးတို့ကလဲ ဆရာမတွေ စေတနာထား သင်ကြားပေးမှုတွေကို စနစ်တကျ လေ့လာသင်ယူပြီး မသိနားမလည်တာတွေကို ချက်ခြင်း ပြန်လည်မေးမြန်း သင်ကြားခဲ့ပါတယ် ၊ဒါကြောင့် သမီးတို့ သုံးယောက်စလုံး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်ရှင့်။

 

မေး။ အခုလို ဘာသာစုံဂုဏ်ထူး ရရှိခဲ့တဲ့အတွက် သမီးရဲ့ရင်ထဲက ခံစားချက်ကို သိချင်ပါတယ်။

 

မရွှေစင်လင်း။ အတိုင်းမသိ ဝမ်းသာမိပါတယ်၊ သမီးတို့ရဲ့ အ.ထ.က(ခွဲ) ငကျော်တောင်ကျောင်းတော်ကြီးရဲ့ ဂုဏ်ကိုဆောင်ပေးနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိပါတယ်ရှင့်။

 

မေး။ သမီးအနေနဲ့ ပညာရေးမှာသာမက ဘက်စုံပြိုင်ပွဲတွေမှာ အောင်မြင်မှုများ ရရှိအောင် ပြင်ပ ဗဟုသုတ စာပေတွေကို ဘယ်လိုအချိန်တွေမှာ လေ့လာခဲ့ပါသလဲ။

 

မရွှေစင်လင်း။ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမဲ့ သုတ/ရသစာပေတွေကို ကျောင်းစာကြည့်တိုက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်များမှ သွားရောက်ငှားရမ်းပြီး စာဖတ်၍ ပြီးတဲ့အချိန်နှင့် ပျင်းတဲ့အချိန်တွေမှာ လေ့လာဖတ်ရှုခဲ့ပါတယ်ရှင့်။

 

မေး။ ဘာသာစုံဂုဏ်ထူးရရှိဖို့အတွက် ဘယ်လိုဟာတွေက အရေးကြီးဆုံးလို့ ထင်ပါလဲ။

 

မရွှေစင်လင်း။ အကုန်လုံး အရေးကြီးပါတယ်၊ ပထမဆုံးက ကိုယ်ရဲ့ ကိုယ်ပိုင်ကြိုးစားမှုက အဓိကပါ၊ ကြိုးစားမှု တစ်ခုထဲနဲ့လည်း မပြီးပါဘူး၊ ဆရာ/ဆရာမတွေရဲ့ သင်ကြားမှု ၊ အားပေးကူညီမှုတွေ ရှိရပါမယ်၊ အဲဒါပြီးရင် ကျောင်းရဲ့ပံ့ပိုးမှုလဲ လိုအပ်ပါတယ်။ ဒါကြောင့် အားလုံး အရေးကြီးတယ်လို့ သမီးပြောတာပါရှင့်။

 

မေး။ သမီးအနေနဲ့ အခုလိုဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်မယ့် ရည်ရွယ်ချက်ကို သိချင်ပါတယ်။

 

မရွှေစင်လင်း။ သမီးရဲ့ရည်ရွယ်ချက်က ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်၊ ပြီးရင် အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမယ်၊ ဆရာဝန်ဘဝနဲ့ အားလုံးအတည်တကျ ဖြစ်ပြီးသွားရင် မိမိ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် မိမိစာသင်ကြားခဲ့တဲ့ ကျောင်းတွေရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး လှူဒါန်းသွားပါမယ်၊ ဆရာဝန်ဖြစ်ပြီးသွားတဲ့အခါ ဆရာတော်၊သံဃာတော်တွေ ၊ ကိုရင်သာမဏေ၊ သီလရှင်ဆရာလေးတွေ ၊ ဆင်းရဲချို့တဲ့ ပြည်သူတွေ၊ သမီးကို သင်ပြပေးခဲ့တဲ့ ဆရာ/ဆရာမတွေ လာရောက်ဆေးကုသတဲ့အခါ စေတနာ မေတ္တာနဲ့ အတတ်နိုင်ဆုံး အခမဲ့ကုသပေးသွားဖို့ စိတ်ကူးထားပါတယ်၊ သမီးဟာ အသပြာဆရာဝန်တစ်ယောက်အဖြစ် ဘဝတစ်လျှေက်လုံး အဖြစ်မခံပါဘူးဆိုတာ ကတိပေးပါတယ်ရှင့်။

 

မေး။ သမီးရဲ့ မိဘတွေနဲ့ ဆရာ/ဆရာမတွေအပေါ် သမီးရင်ထဲက ကျေးဇူးတင်စကားလေး ပြောကြားပေးပါ။

 

မရွှေစင်လင်း။ ဟုတ်ကဲ့ပါ သမီးဟာခုလို သုံးထပ်ကွမ်း လူရည်ချွန်ဖြစ်အောင် ၊ ဘာသာစုံဂုဏ်ထူးတွေရရှိအောင် ၊ သမီးရဲ့ကြိုးစားမှုအပြင် ဆရာ/ဆရာမတွေရဲ့ အားပေးကူညီမှု မိဘတွေရဲ့အားပေးကူညီမှု အားလုံးရဲ့အားကူညီမှုတွေကြောင့် သမီး ခုလိုအောင်မြင်မှုရရှိခဲ့သဖြင့် သမီးကို ကူညီအားပေးသင်ကြားပေးခဲ့ကြတဲ့ ဆရာ/ဆရာမများ၊ သမီးရဲ့ ဖေဖေနဲ့မေမေနဲ့ သမီးကို ကူညီပံ့ပိုပေးသူ အားလုံးကို သမီးအနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

 

မေး။ သမီးအနေနဲ့ နောက်တက္ကသိုဝင်တန်း ဖြေဆိုကြမဲ့ ညီငယ်၊ညီမငယ်လေးများအတွက် အားပေးကူညီ ဆုံးမလမ်းညွှန်စကား ပြောကြားပေးစေချင်ပါတယ်။

 

မရွှေစင်လင်း။ ဆယ်တန်းဆိုတာဟာ ဘဝရဲ့အချိုးအကွေ့ တစ်ခုဖြစ်ပါတယ်၊ ဆယ်တန်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှ ကိုယ်ရဲ့နောင်လာမဲ့ အနာဂါတ်ခရီး သာယာဖြောင့်ဖြူးမှာ ဖြစ်ပါတယ်၊ ဒါကြောင့် မောင်ငယ်၊ ညီမငယ်များ အနေနဲ့ ဒီဆယ်တန်းတစ်နှစ်ကို အပင်ပန်းခံ ကြိုးစားပြီးတော့ မိမိကျောင်း၊ မိမိပြည်နယ်၊ မိမိနိုင်ငံရဲ့ ဂုဏ်ကိုဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်ရှင့်။

 

အခြေခံပညာအထက်တန်းကျောင်(ခွဲ) ငကျော်တောင်ကျောင်းကို ၂၀၁၃-၂၀၁၄ ခု ပညာသင်နှစ်မှစင်ပြီး အထက်တန်းကျောင်(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီး စတင်သင်ကြားခဲ့ရာတွင် ယခင်နှစ်က သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးများရှိပြီး အောင်ချက်ရာနှုန်း ၁၂.၇% အောင်မြင်ပြီး ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ထိ ငါးနှစ်တာကာလတွင် ၆ ဘာသာဂုဏ်ထူးရှင် ၃ ဘာသာဂုဏ်ထူးရှင်၊ ၂ ဘာသာ နှင့် တစ်ဘာသာ ဂုဏ်ထူးများ ရရှိကာ အောင်ချက်ရာနှုန်း ၂၃.၃၇% ရရှိခဲ့သဖြင့် အောင်ချက်ရာနှုန်း တိုးတက်မြင့်လာကြောင်း တွေ့ရှိရပြီး လာမည့်နှစ်များတွင်လည်း၊ ရွှေစင်လင်းကဲ့သို့ ၆ ဘာသာမထွက်နိုင်သော်လည်း အနည်းဆုံး လေးဘာသာ၊ ငါးဘာသာခန့်အထိ ထွက်နိုင်မှု အခြေအနေ ရှိပါကြောင်း ဒါကြောင့်မို့ ဆရာ/ဆရာမများအနေဖြင့် အောင်ချက်ရာနှုန်း ကျဆင်းမှုမဖြစ်ရအောင် အားကျိုးမာန်တက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆရာ/ဆရာမများက ပြောကြားသည်။

 

မရွှေစင်လင်းသည် ယခုနှစ် တက္ကသိုလ်ဝင်တန်းကို သံတွဲမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ငကျော်တောင်ကျောင်းမှခုံအမှတ် ဒသ-၇၃ ဖြင့် သိပ္ပံဘာသာတွဲကို ဖြေဆိုရာ မြန်မာစာ-၇၇၊ အင်္ဂလိပ်-၈၀၊ သင်္ချာ-၉၇၊ ဓါတု-၉၃၊ ရှုပ-၉၁၊ ဇီ၀-၉၁ မှတ်ဖြင့် ဘာသာစုံဂုဏ်ထူးရရှိပြီး ရခိုင်ပြည်နယ် အဆင့်တွင် ရမှတ်စုစုပေါင်း ၅၃၃ မှတ်ဖြင့် ပူးတွဲ ဒုတတိယ ရရှိပါကြောင်း ဆရာ/ဆရာမများ၏ ပြောကြားချက်အရ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပေသည်။

 

တွေ့ဆုံမေးမြန်းသူ-သန့်ဇင် ( ခရိုင်ပြန်/ဆက်)