သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြိတ်ကျွန်းစုအတွင်းရှိ ပုလဲမွေးမြူရေး လုပ်ငန်းခွင်များသို့ ကွင်းဆင်းကြည့်ရှု

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်မောင် ၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှူး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေးမှ တာဝန်ခံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၁၄)ရက်၊ နံနက်(၁၀)နာရီက မြိတ်မြို့မှ ရေမိုင်(၄၁)မိုင်ဝေးကွာသည့် ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအောင်ကျေးရွာရှိ မြန်မာအတ္တလန်တစ်ကုမ္ပဏီ၏ ပုလဲမွေးမြူရေး လုပ်ငန်းခွင်သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာအတ္တလန်တစ်ကုမ္ပဏီ၏ သဲနှစ်တန်ကျွန်းရှိ မုတ်ကောင်သားဖောက် မွေးမြူရေးစခန်းတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ဒုံးပုလဲအော်ကျေးရွာရှိ ပုလဲတံခွန် ပုလဲမွေးမြူရေးစခန်းတွင် ပုလဲဝတ်ဆံသွင်းခြင်း၊ ရေညစ်ညမ်းမှုမရှိစေရေး အညစ်အကြေးစုပ်ကန်ဖြင့် ဆောင်ရွက်ထားရှိမှု၊ သားဖောက်ခြင်းနှင့် ခရီးသွားဧည့်သည်များလာရောက် လေ့လာနိုင်စေရန် စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းမှ မုတ်ကောင်သားပေါက်ချထားသည့် သဲနှစ်တန်ကျွန်းမှာ မျက်နှာစာနှစ်ဘက်စလုံး သဲသောင်များဖြင့် လှပသဖြင့် ကျွန်းတစ်ဘက်ခြမ်းတွင် မုတ်ကောင်မွေးထားပြီး ကျန်ကျွန်းတစ်ဘက်ခြမ်းကို ခရီးသွားများ အပန်းဖြေနိုင်စေရေး ဆောင်ရွက်ပေးပါက ခရီးသွားဧည့်သည်များပိုမို စိတ်ဝင်စားလာနိုင်ပြီး လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်မှုရှိစေမှာဖြစ်ကြောင်း၊ ငါးဖမ်းလှေများမှ သောက်သုံးရေချိုများ လာရောက် ယူဆောင်ရာတွင် လုပ်ငန်းခွင်ထိခိုက်မှုမရှိစေရေး၊ မုတ်ကောင်သေဆုံးမှု မရှိစေရေးအတွက် စက်ဆီနှင့် တခြားစွန့်ပစ်ပစ္စည်းများ မကျန်ခဲ့စေရေး အထူးဂရုပြုရန်နှင့် ဒေသခံများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်(၁၂)နာရီတွင် ဒုံးပုလဲအော်ကျွန်း ပုလဲတံခွန်မွေးမြူရေးစခန်းမှ Speed Boat ဖြင့်ထွက်ခွာကာ ပုလောမြို့နယ်၊ မလိကျွန်းရှိ အာကွာဂိုးလ်မြန်မာပုလဲ ကုမ္ပဏီ၏ မလိကျွန်း ပုလဲမွေးမြူရေးစခန်းသို့ သွားရောက်ကာ မုတ်ကောင်မွေးမြူမှုအခြေအနေများ၊ မုတ်ကောင်ဝတ်ဆံသွင်းမှု၊ မုတ်ကောင်ရေချခြင်းနှင့် မုတ်ကောင်သန့်ရှင်းရေးလုပ်ရာမှ ထွက်ရှိလာသည့် ရေဆိုးရေညစ်များကို စနစ်တကျ စွန့်ပစ်မှုအခြေအနေ၊ ရေချိုဖြန့်ဝေမှုနှင့် မုတ်ကောင်မွေးမြူသည့် ရေထုညစ်ညမ်းမှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝခန်ခံများမှ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြသည်။

ပုလဲမွေးမြူရေးလုပ်ငန်းနှစ်ခုအနက် ဒုံးပုလဲအော်ကျွန်းရှိ မြန်မာအတ္တလန်တစ်ကုမ္ပဏီသည် ၁၉၉၈ ခုနှစ်မှစတင်ကာ သတ္တုတွင်းဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်လာခဲ့ခြင်းဖြစ်ကာ ထုတ်လုပ်ရရှိမှု အကျိုးအမြတ်ကို မြန်မာ့ပုလဲမှ(၂၅%)နှင့် ကုမ္ပဏီမှ (၇၅%)ဖြင့် လုပ်ကိုင်လျက်ရှိရာ ယနေ့အထိထုတ်လုပ်ရရှိမှုမှာ ပုလဲအလုံးရေ(၉၄၆၉၄၈)လုံးဖြစ်ပြီး နိုင်ငံတော်သို့ ပုလဲအလုံးရေ (၂၃၆၇၃၇)လုံး ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အလားတူ မလိကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ကိုင်နေသည့် အာကွာဂိုးလ်ကုမ္ပဏီသည် လွန်ခဲ့သည့်(၂၀၁၆)ခုနှစ် ဖေဖော်ဝါရီလမှ စတင်လုပ်ကိုင်ခြင်းဖြစ်ကာ ယနေ့အထိနိုင်ငံတော်သို့ ဝတ်ဆံသွင်းကြေးငွေ ကျပ်သိန်းပေါင်း(၆၁၁)သိန်းကျော် ပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။ 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)