သူရဲကောင်းများနှင့် ငြိမ်းချမ်းခြင်းကိုတည်ဆောက်ခြင်

နေပြည်တော် ၂၁ အောက်တိုဘာ

 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ တောင်တန်းဒေသ ကျောင်းသူ ကျောင်းသားများ ပြုစုစောင့်ရှောက်ရေးဂေဟာ(လန်ဆယ်)သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျောင်းသူကျောင်းသားလေးများက “သူရဲကောင်း”နှင့် “ငြိမ်းချမ်းခြင်းကိုတည်ဆောက်စို့”သီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေကြပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျောင်းသူကျောင်းသား လေးများအား ဩဝါဒစကားပြောကြားခဲ့ပါ သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဩဝါဒစကားမှ အရေးကြီးသောအချက်တို့ကို ကောက်နုတ်တင်ပြ လိုပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးတိုင်းက တိုင်းပြည်အတွက် သူရဲကောင်းဖြစ်နိုင်သည်ကို မီးမောင်း ထိုးရှင်းလင်းမိန့်ကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီချင်းတို့၏အဓိပ္ပာယ်အား နှလုံးသွင်းခံ ယူနိုင်ရေးကိုပါ ထောက်ပြလမ်းညွှန်ခဲ့ပါသည်။ ကလေးတိုင်းက သီချင်းတို့၏အဓိပ္ပာယ်အား မှန်မှန်ကန်ကန် နှလုံးသွင်းခံယူနိုင်ပါက “ငြိမ်းချမ်းသော ကမ္ဘာသစ်” ထူထောင်နိုင်မည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဩဝါဒပေးပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကမ္ဘာသစ်ဆိုတာ ကိုယ့်တစ်နိုင်ငံ တည်းငြိမ်းချမ်းလို့လည်းမလုံလောက်ဘူး။ တစ်ကမ္ဘာလုံးငြိမ်းချမ်းမှ အားလုံးငြိမ်းချမ်းမှာ။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းတဲ့အခြေအနေဆိုတာ တစ်ခါမှဒီက္ဘာကြီးရဲ့သမိုင်းမှာ မဖြစ်ခဲ့ဖူးဘူး။ အဲဒါကဘာဖြစ်လို့လဲဆိုတော့ လူတွေကငြိမ်းချမ်းချင်တဲ့ဘက်ကို သိပ်မသွားလို့ပဲ” ဟု ထောက်ပြပြီး “ဒီကလေးတွေရဲ့ ခေတ်မှာကျတော့ ပိုပြီးတော့ငြိမ်းချမ်းရေးရနိုင်မလားဆိုတာ ကလေးတစ်ယောက်ချင်းတစ်ယောက်ချင်းပေါ်မှာ မူတည်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

 

ကလေးတစ်ယောက်ချင်းအနေဖြင့် ဘာမှမလုပ်နိုင်သော်လည်း မိတ်ဆွေကောင်း၊ အဖော်ကောင်းရှိပါက စွမ်းဆောင်နိုင်စွမ်းရှိလာသည် နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ကိုယ်နဲ့အတူ စိတ်တူ၊ သဘောတူနဲ့ လက်တွဲပေးမယ့် မိတ်ဆွေတွေရှိရင် အင်အားတွေက အလိုလိုဖြစ်လာတယ်။ စိုးရိမ်စရာ၊ ကြောက်စရာတွေက နည်းသွားတယ်” ဟု ဩဝါဒ ပေးပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကလေးတိုင်းအား တစ်ချိန်၌ ကိုယ့်ရွာ ကိုယ့်ဇာတိကို ပြန်လည်အလုပ်အကျွေးပြုလိုသော စိတ်ဓာတ်မွေးမြူပေးရန် မှာကြားချက်သည် လူငယ်မျိုးဆက် သစ်တို့အား ပြုစုပျိုးထောင်ရာ၌ မဖြစ်မနေဖော်ဆောင်ပေးရမည့်အချက်ကို အလေးအနက်ထား ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

 

ကမ္ဘာကြီး၏တစ်နေရာအား အေးချမ်းအောင်ဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟူသော သဘောတရားနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒါကြောင့်ကလေးတွေဟာ တစ်နေ့ တစ်ချိန်တစ်ခါမှာ ကိုယ့်ရပ်ရွာ၊ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ်ပေါက်ဖွားလာတဲ့ ဇာတိမြေကိုဘယ်လိုပုံစံနဲ့ပြန်ပြီးတော့ ကူညီနိုင်မလဲဆိုတာကို အမြဲပဲနှလုံးသွင်းပါ။ ဒီလိုကူညီခြင်းအားဖြင့် တစ်ကမ္ဘာလုံးကိုကူညီတာနဲ့ အတူတူပါပဲ” ဟု ပြောကြားလျက် ဆုမွန်ကောင်း တောင်းပြောကြားခဲ့ခြင်းသည် နိုင်ငံသူနိုင်ငံသားတိုင်းက မျိုးဆက်သစ်တို့အား ပြုစုပျိုးထောင်ရာ၌ ဆုပ်ကိုင်ရမည့်သဘောထားအမြင်ကို မိန့်ကြားလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း