သူနာပြုတက္ကသိုလ်(ရန်ကုန်) (တိုးချဲ့) (၄)ထပ်စာသင်ဆောင် ပြိုကျမှုနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များနှင့် ဆက်လက်ပြုပြင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ၂၇ ဇွန်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဦးစီးဌာနအောက်ရှိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းမှ သူနာပြုတက္ကသိုလ်(ရန်ကုန်) (တိုးချဲ့) (၄)ထပ်ဆောင် စာသင်ဆောင်ပြိုကျမှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များနှင့် အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်တင်တင်လေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဦးဝင်းတင့်နှင့် စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါ်တင်တင်ကျော်နှင့် တာဝန်ရှိသူများ၊ ဥပဒေအကြံပေးများနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သူနာပြုတက္ကသိုလ်(ရန်ကုန်) တိုးချဲ့ဝင်း၌ (၄)ထပ် စာသင်ကျောင်းဆောင် အပေါ်ဆုံးထပ်မျက်နှာစာမှ  Roof  Beam  အမိုး၊  Parapet ပြိုကျခြင်း၊ ပေါ်တီကို ပျက်စီးမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့များ အနေဖြင့် လိုအပ်သလို စစ်ဆေး၍ တွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို   ပြည်ထောင်စုဝန်ကြီးက အမြန်ဆုံးအကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့ပါကြောင်း၊ မေ ၁၇ ရက်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ တင်ပြချက်များကို သိရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြံပြု တင်ပြချက်များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ  အကြံပြုတင်ပြချက်များ၊ ဥပဒေပညာရှင်များ၏ အကြံပြုချက်များကို ရယူ၍ ယနေ့အစည်းအဝေးမှ ဆုံးဖြတ်ချက်တစ်ခုကို ဆောင်ရွက်နိုင်အောင် ခေါ်ယူဆွေးနွေးခြင်းဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုပါကြောင်း ပြောကြားသွားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က Structure  ဒီဇိုင်းမှားယွင်းနေခြင်း၊ ဆောက်လုပ်ချိန်တွင် ကြီးကြပ်မှု အားနည်းခြင်း၊ အကြံပြုလိုတာက အဆောက်အအုံကို အမြန်ဆုံးပြန်လည်ပြုပြင်ရန် လိုအပ်ပါကြောင်းဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဦးဝင်းတင့်က  စစ်ဆေးတွေ့ရှိချက်အရ အကြံပြု ရမည်ဆိုလျင် အချို့အစိတ်အပိုင်းများတွင် သံထည်၊ Steel Structure ဖြင့် အစားထိုး ဆောင်ရွက်ပြီး အဆောက်အအုံအား (၄)ထပ်မူလအတိုင်း ပြုပြင်ဆောင်ရွက်သင့်ပါကြောင်း၊ Soil Test Result  အရ အဆောက်အဦး အုပ်မြစ်ခံနိုင်ရည်ရှိပါကြောင်း၊ မူလပကတိအခြေ အနေအတိုင်း မလျော့စေဘဲ ခံနိုင်ရည်အားဖြည့်ရန်လိုအပ်သည့် လုပ်ငန်းများဖြင့် အားဖြည့် ဆောင်ရွက်ခြင်း၊ မလိုအပ်သည့် အစိတ်အပိုင်းများကို ဖယ်ရှားသင့်ပါကြောင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရှေ့နေချုပ်ရုံး၊ ဥပဒေပညာရှင်များနှင့် သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုတင်ပြချက်များကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုတင်ပြချက်၊ အကြံပြုချက်၊ စစ်ဆေးတွေ့ရှိချက်များကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု(၄)ထပ် စာသင်ကျောင်းကို ကျောင်းမဖွင့်မီ ပြုပြင်သွားဖို့ ပြည်ထောင်စုဝန်ကြီးထံ ယခုအကြံပြုချက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဥပဒေအကြံပြုချက်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်အကြံပြုချက် တောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

သတင်းစဉ်