သုတ၊ ရသ စာများကို လက်ခံထားရှိသော ဘဏ်တိုက်များ သို့မဟုတ် စာကြည့်တိုက်များ

တက္ကသိုလ်မြတ်သူ

(ယမန်နေ့မှအဆက်)

စာပေမြင့်လျှင် လူမျိုးတင့်သည်

အထက်ပါဆိုရိုးစကား (စကားပုံ)ဆောင်ပုဒ်ကို စွဲမှတ်ထားပြီး မိမိတို့နိုင်ငံ စာပေအဆင့်အတန်း တိုးတက်မြင့်မား လာစေရန် စာပေရေးသားပြုစုသူများကလည်း ကြိုးပမ်းအားထုတ်၊ စာဖတ်ပရိသတ်ပြည်သူတို့ကလည်း လူထုနည်း၊ လူထုအား၊ စာဖတ်အား၊ စာသိအားဖြင့် ဝေဖန်ထောက်ပြ လမ်းညွှန်ပေးနိုင်အပ်ပေသည်။ ထိုသို့ စာရေးဆရာများကို ပြည်သူက ငါဆရာလုပ်နိုင်အောင် ဝေဖန်ဆန်းစစ်ပြနိုင်ရန် စာဖတ်သူတို့ စာဖတ်နာရပေမည်။ 

သို့မှသာ စာသိပေသိ၊ စာပေဝမ်းစာ ပြည့်လာပေမည်။ ကြားဖူးကြသည့်အတိုင်း စာဟူ၍တွေးလျှင် တိုတိုထွာထွာ စာတွေ့လည်း ဖတ်မှတ်၊ ရှည်ရှည်လျားလျား စာများတွေ့လျှင်လည်း ဖတ်မှတ်၍ စာတိုငညိုအဖြစ်မှ ဝန်ဇင်းမင်းရာဇာဟူ၍ ကျော်ကြားထင်ရှားသော ဘုရင့်ပညာရှိအမတ် ဖြစ်လာသော တကယ့်ဖြစ်ရပ်ထုံးကို နှလုံးမူပြီး စာဖတ်ကြ၊ မှတ်ကြလျှင် စာဖတ်သူကိုယ်တိုင် စာသိပေသိ၊ စာပေပညာရှိလာပေမည်။ ကိုယ်က စာနှင့်ဝေးဝေး၊ ခပ်စိမ်းစိမ်းနေလျှင် စာကလည်းကိုယ့်ကို အဝေးကရှောင်သည့် တစိမ်းပြင်ပြင် ဖြစ်လာပေမည်။ 

တိုးတက်ဖွံ့ဖြိုး စီးပွားတိုး ပညာဖြိုးသောနိုင်ငံ

စာသိ၊ ပေသိ၊ သတင်းသိ အလျှင်းမရှိလျှင် အလင်းမရှိနိုင်၊ အရှင်းမသိနိုင်ဖြစ်လာပေမည်။ ထိုသို့သော စာဝေး၊ ပေဝေး၊ သတင်းအသိဝေးနေသူကို လူအများက ဖိုးသုည၊ လူ့အန္ဓဟု သမုတ်လာနိုင်ပေ သည်။ ထို့ကြောင့်စာပေဖတ်ရှု၊ သတင်းသိမှုဖြင့် လောကကို ရှင်းရှင်းပြက်ပြက်၊ ကွင်းကွင်းကွက်ကွက် မြင်နိုင်ကာ လင်းလင်းလက်လက် အသိဉာဏ်ပိုင်ရှင် ဖြစ်လာနိုင်ပေသည်။ စာဖတ်ပြည်သူ ဦးရေများလာသော နိုင်ငံများသည် ကမ္ဘာတွင် တိုးတက်ဖွံ့ဖြိုး စီးပွားတိုး ပညာ ဖြိုးသောနိုင်ငံဖြစ်လာပေမည်။

ဤစာရေးသူ ကျွန်တော်သည် ယခု အသက် (၉၃)နှစ်ပြည့်လုပြီး (၉၄) နှစ်ထဲ သို့ဝင်ရန် ခြေလှမ်းပြင်နေပြီ။ သို့သော် သတင်းများ နေ့စဉ်မကြည့်ရမနေနိုင်၊ မသိရမနေနိုင် ကြည့်တုန်း၊ ဖတ်တုန်း၊ နားထောင်တုန်း၊ သတိအသိ စာအသိ ဖတ်ရှုစုဆောင်းရတုန်းဖြစ်သည်။ အိပ်ရာထဲ သတိလက်လွတ်မလဲကျသေးသမျှ ဖတ်နေ၊ ကြည့်နေ၊ နားထောင်နေရပေဦးမည်။ ဦးနှောက်မပျက်၊ လက်မကျိုးသေးသမျှ မိမိ၏ ပညာသိ၊ စာသိ၊ သတင်းသိများကို ဝေမျှပေးရန် စာရေးနေဦးမည်ဖြစ်သည်။ ကျွန်တော်သည် ငယ်ငယ်ကပင် အစုအဆောင်းဝါသနာပါသည်။ သို့သော် ပိုက်ဆံငွေကြေးမစုဖြစ်၊ စာအုပ်စု၍ စာသိပေသိစုဆောင်းသည်။ 

နေ့စဉ် လစဉ် အုပ်တွဲချုပ်၍ သတင်းစာများစုဆောင်းသည်။ စာရေးဆရာဖြစ်၍ စာအုပ်များ လက်ဆောင်ရသည်။ လက်ဆောင်မရလျှင်လည်း ဝယ်ထား သင့်သော စာအုပ်များ ဝယ်စုသည်။ သတင်းစာအုပ်တွဲ၊ ဂျာနယ်အုပ်တွဲ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်၊ သဘောတရားရေး၊ နိုင်ငံ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ရေးရာ၊ ဥပဒေရေးရာ စသည့်စာအုပ်မျိုးစုံကို စုအားရှိသရွေ့စုခဲ့ရာ အသက် ၉၀ ခန့်တွင် ၄၅ ပေ x ၅၅ ပေရှိ တိုက်ခန်း တစ်ထပ်အပြည့် ကိုယ်ပိုင်စာအုပ်များဖြင့် စာကြည့်တိုက်ငယ်တစ်ခုဖြစ်လာသည်။ ထိုစာအုပ်စင်ကြီးများကို ဖက်တွယ် အားထားကိုးကား၍ စာများစွာရေးဖြစ်သည်။ ဆွေးနွေးဟောပြော၊ ပို့ချခြင်း များစွာလုပ်ခဲ့သည်။ အသက် (၉၂) နှစ်သို့ ရောက်သောနှစ်တွင် ဇရာနှင့်အတူ ဗျာဓိကပါလာ၍ အိုမင်းမစွမ်းဖြစ်လာသည်။ ဤသို့ဖြင့် ‘ငါသေသော်’ ဟူသော အတွေးဖြင့် ကိုယ်ပိုင်စာကြည့်တိုက်ကြီးတစ်ခု၊ အမှတ်တရပစ္စည်းရမိသမျှ၊ တူရိယာပစ္စည်းရှိသမျှကို နေပြည်တော် အမျိုးသားစာကြည့်တိုက်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပေးပို့လှူဒါန်းခဲ့သည်။

အမျိုးသားစာကြည့်တိုက်ကလည်း ကျွန်တော့်စေတနာကို တုံ့ပြန်ကာ နေပြည်တော် အမျိုးသားစာကြည့်တိုက် အတွင်းမှာပင် ကျွန်တော်ပေးလှူသော စာကြည့်တိုက်ပါစာအုပ်များ၊ သတင်းစာဂျာနယ်အုပ်များ၊ အမှတ်တရပစ္စည်းများ၊ တူရိယာပစ္စည်းများကို ကျွန်တော့်စာစုခန်း ဆိုင်းဘုတ်တပ်၍ စီခြယ်ထားပေးသည်မှာ ဝမ်းသာအားရ ကျေးဇူးတင်ရသည်၊ ဂုဏ်ယူရသည်၊ ပီတိဖြစ်ရသည်။ ယနေ့တိုင် အသင့်ရရှိသော စာအုပ်များ၊ စာနယ်ဇင်းများ၊ ကိုယ်တိုင်နေ့စဉ် ဝယ်ဖတ်သော ကြေးမုံ၊ မြဝတီနှင့် စံတော်ချိန်သတင်းစာများကို လကုန်လျှင် ကတ္တူဖုံးဖြင့် အုပ်တွဲချုပ်ကာ ပေးပို့လှူဒါန်းဆဲ ဖြစ်သည်။

မြန်မာစာပေတိုးတက်မြင့်မားရေး စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ် 

ယခု နိုင်ငံတော်အကြီးအကဲက မြန်မာ စာပေတိုးတက်မြင့်မားရေး စာကြည့်တိုက်များ လှိုင်လှိုင် တစ်နိုင်ငံလုံးတွင် တိုးချဲ့ဖွင့်လှစ်ကာ ပြည်သူတို့ စာပိုဖတ်ရေးအတွက် ဦးဆောင်နှိုးဆော်တိုက်တွန်းသဖြင့် စာကြည့်တိုက်ဆိုင်ရာ၊ စာဖတ်ပရိသတ်ဆိုင်ရာ လှုပ်ရှားမှုများ ဆက်တိုက်တွေ့လာရန် ဤစာကြည့် တိုက်ဆောင်းပါးကို ရေးသားဖြစ်ပါသည်။ 

စာကြည့်တိုက်ဟူ၍ အသစ်ဖွင့်လျှင် စာကြည့်တိုက်နေရာ၊ စာကြည့်တိုက် အဆောက်အအုံ၊ စာကြည့်တိုက်ကို ဦးဆောင်ကြီးကြပ် ဖွင့်လှစ်ပေးမည့် စေတနာရှင်အဖွဲ့များ၊ စာအုပ်များ၊ စာကြည့်တိုက်ပရိဘောဂများ ဖြည့်တင်းရန် လိုပေသည်။ မိမိတို့ရပ်ကွက်၊ လမ်း၊ မြို့ရွာအလိုက် စေတနာရှင်တို့၏ အလှူငွေ၊ အလှူစာအုပ်၊ မြေနေရာ၊ အဆောက် အအုံကအစ လိုအပ်လာပေမည်။ စာကြည့်တိုက်သို့ လစဉ်လိုလို စာအုပ်သစ်များ ဖြည့်တင်းရန် လိုလာပေသည်။ အလှူ အတန်းပြုလုပ်ရာ၌ ရေလှောင်ဆည်တမံကြီး ကျိုးပေါက်သကဲ့သို့ စေတနာသဒ္ဓါ ထက်သန်သောမြန်မာများသည် တမူးရ၍ တစ်ပဲလှူတတ်သူ ပြည်သူများ၏ စေတနာသဒ္ဓါတရားများဖြင့် စာကြည့်တိုက်များ တိုးပွားလာနိုင်ပေသည်။ တိုးပွားလည်း တိုးပွားလာသင့်ပေသည်။

နိုင်ငံအနှံ့ကျေးရွာပေါင်း သုံးသောင်းကျော်ရှိ

၁၉၆၃ ခုနှစ် ဗိုလ်တထောင်သတင်းစာတွင် “ပြည်သူ့စာပေခေတ်သို့” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ကျွန်တော်ရေးသားခဲ့ဖူးသည်။ မြက်ခင်း သစ်မဂ္ဂဇင်းနှင့် ဂျာနယ်နှစ်စောင်ခန့်တွင် ထိုဆောင်းပါးမျိုး ကျွန်တော်ထပ်မံ ရေးသားဆော်ဩခဲ့ဖူးသည်။ ထိုစဉ်က ကျေးရွာများ၌ လယ်ယာမြေသစ်များ အင်တိုက်အားတိုက်ဖော်ထုတ်ကာ သီးနှံစိုက်ပျိုးဧကများ သီးထပ်၊ သီးညှပ်၊ နွေ၊ မိုး၊ ဆောင်းစပါးစိုက်ခင်းများ တိုးပွားဖြစ်ထွန်းနေချိန်ဖြစ်သည်။ ကျွန်တော်က ကျေးရွာတိုင်း (နိုင်ငံအနှံ့ကျေးရွာပေါင်း သုံးသောင်းကျော်ရှိရာ) တစ်ရွာလျှင် မြေလွတ်၊ မြေရိုင်း၊ ပလပ်မြေများ စုပေါင်းဖော်ထုတ်ကာ ထိုငါးဧက၊ ၁၀ ဧကမျှသော ကျေးရွာဘုံလယ်မြေများပေါ်တွင် ရွာမှလုပ်အားများဖြင့် ထွန်ယက်စိုက်ပျိုးလျှင် စပါး၊ နှမ်း၊ ပဲ၊ ဝါ စသောသီးနှံများ ရပါမည်။ ပေါက်ဈေးဖြင့် ရောင်းချပြီး ရွာရန်ပုံငွေအဖြစ် စနစ်တကျ စာရင်းနှင့် အင်းနှင့် သိမ်းဆည်းသုံးစွဲကြပြီး ရွာလုံခြုံရေး စည်းရိုးထပ်ကာနိုင်မှာ၊ ရွာတွင်စာကြည့်တိုက်ဖွင့်နိုင်မှာ။ ရွာစာကြည့်တိုက်အတွက် စာပေဗိမာန်မှထုတ်ဝေသော ပြည်သူ့လက်စွဲစာအုပ်များကဲ့သို့ (ထိုစဉ်ကတစ်အုပ်လျှင် ပြား ၅၀၊ ပြား ၆၀ စသည်ဖြင့် စာပေဗိမာန်က ရောင်းချလျက်ရှိရာ) ရွာရန်ပုံငွေမှ ထိုစာအုပ်များ လစဉ် လေး၊ ငါး၊ ဆယ်အုပ်ဝယ်လျှင် ရွာသူ ရွာသားများ လစဉ် စာအုပ်သစ် လေး၊ ငါး၊ ဆယ်အုပ်ဖတ်ရှု၍ စာသိပေသိ (ပညာသိ) တိုးမည်ဟူ၍ အကြံပြုခဲ့သည်။ ယနေ့အခြေအနေတွင် ထိုသို့ရွာတိုင်း ဘုံလယ်မြေဖော်ထုတ်၍ဖြစ်စေ၊ အခြား နည်းဖြင့်ဖြစ်စေ စုပေါင်းကြိုးစားမှုဖြင့် စာအုပ်သစ်ဝယ်ရန် ရန်ပုံငွေရှာလျှင် စာကြည့်တိုက်သစ်၊ စာကြည့်တိုက်ငယ်များ သက်ရှည်ကျန်းမာ ဝဖြိုးအလှတိုးနိုင်ပေသည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က ကြီးမှူးသော စာအုပ်ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းအကြောင်း နှီးနှောဖလှယ်ပွဲတွင် ဆရာ ဇော်ဂျီ၏ တင်ပြချက်မှာ ကျွန်တော့်ရင်ထဲ၊ ဦးနှောက်ထဲတွင် ယနေ့တိုင်ထင်ကျန်နေ ခဲ့သည်။ ဆရာဇော်ဂျီက စာရေးဆရာတို့ ရေးသောစာများ၌ စာအုပ်ဈေးနှုန်းချိုသာစွာဖြင့် ထုတ်ဝေရောင်းချလျှင် (စာပေဗိမာန်မှ ပြည်သူ့လက်စွဲစာစဉ်၊ စာအုပ် များကဲ့သို့) လူတိုင်း ဝယ်နိုင်ဖတ်နိုင်သဖြင့် စောင်ရေထောင်ချီ၊ သောင်းချီ ထုတ်ဝေ ဖြန့်ချိ ရောင်းချနိုင်မည်။ စာတစ်အုပ် တစ်ကျပ်ဖြင့် ရောင်းလျှင် စာအုပ် သုံးသောင်းဆိုလျှင် စာအုပ်ရောင်းရငွေ ၃၀၀၀၀ ရမှာ။ ထိုစာအုပ် ရောင်းချရငွေ ၏ ၃၅ ရာခိုင်နှုန်းကို စာရေးဆရာအား စာမူခပေးနိုင်သည်ဟု ဆရာဇော်ဂျီက တင်ပြခဲ့ရာ ထိုနှုန်းအတိုင်း စာရေးဆရာယူ စာအုပ်ရောင်းရငွေ ၃၀၀၀၀ (သုံးသောင်း) ၏ ၃၅ ရာခိုင်နှုန်းဖြင့် စာရေးဆရာ စာမူခ ရငွေ ၃၅၀၀ ကျပ် ဖြစ်ပေမည်။ 

ကျကျနနလေ့လာ စဉ်းစား တွေးခေါ်ပြီး စာအုပ်ကောင်းများရေး
ထိုစဉ်က နှစ်ကျပ်တန်၊ သုံးကျပ်တန် လုံးချင်းဝတ္ထုရေးသူသည် စာမူခ ၁၅၀ ကျပ်ခန့်သာရကြ၍ စာရေးဆရာတို့ ကျပ်တည်းကြ၊ ဆင်းရဲခဲ့ကြသည်။ ၃၅၀၀ သာရလျှင် ပြီးလွယ်စီးလွယ်၊ ရှာလွယ်ရေးလွယ်စေရန် ဝတ္ထုစာအုပ်များ တစ်လ တစ်အုပ်၊ နှစ်လ တစ်အုပ် ရေးနေစရာ မလိုပေ။ တစ်အုပ်ကောင်းကောင်း သေချာဂန စဉ်းစားတွေးခေါ်ရေးသား လျှင် တစ်နှစ်တစ်အုပ်သာရေးသားထုတ် ဝေနိုင်လျှင် ထိုစာရေးဆရာ စာမူခ ရငွေ ကျပ် ၃၅၀၀ ဖြင့် မိသားစုနှစ်ပေါက် စားသောက်နိုင်ပေမည်။ (ယနေ့ခေတ် တွင်လည်း ယနေ့ငွေကြေးတန်ဖိုး အလိုက် ၃၅ ရာခိုင်နှုန်းရကြလျှင် စာရေး ဆရာသည် တစ်နှစ်တစ်အုပ် ကျကျနန လေ့လာစဉ်းစားတွေးခေါ်ပြီး စာအုပ် ကောင်းများ ရေးနိုင်ပေမည်။ ယေဘုယျအားဖြင့် စာရေးဆရာအများစုမှာ စာအုပ် ရောင်းရငွေ၏ တစ်ဆယ်ရာနှုန်းပင် မရကြ။ ထို့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့ အစည်း၊ ဌာနများ ဆရာဇော်ဂျီ၏ မူအတိုင်း စာရေးဆရာများလည်း ထမင်းဝ၊ စာဖတ်သူများလည်း စာသိပေသိကောင်း များများစားစားရကြ၊ စာကြည့်တိုက်များလည်း မှိုလိုပေါက်လာမည် ဖြစ်သည်ဟု တွေးထင်မိပါသည်။ 

ကျွန်တော်၏ ဤအတွေးကိုပင် ဆန်းစစ်၍ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာဖြင့် စာအုပ်စာပေကောင်း များထုတ်ဝေ၍ ပြည်သူများလက်ဝယ်သို့ စာကြည့်တိုက် တစ်ခုမဟုတ် တစ်ခုက ဖတ်ရှုစေနိုင်ရေးကို အောင်မြင်အောင် အားထုတ်နိုင်မည်ဆိုပါက စာကြည့်တိုက် ငယ်များသည်ပင် သုတ၊ ရသ စာပေဘဏ် တိုက်အသေးစားများသဖွယ် ဖြစ်တည် လာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ခင်ဗျာ။ ။