သုံးနိုင်ငံမှ လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် Lethwei Fight -3 လက်ဝှေ့ပွဲ ကျင်းပမည်

ရန်ကုန်    နိုဝင်ဘာ  ၁၈

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး စိုင်းဇော်ဇော်ဂရု(ပ်)က စီစဉ်ကျင်းပမည့် Lethwei Fight-3 ပြိုင်ပွဲတွင် သုံးနိုင်ငံမှ လက်ဝှေ့ကျော်များ ပါဝင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်ရာ အထူးစိန်ခေါ်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပ ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ် တခြားမျိုးဆက်သစ်ပြိုင်ပွဲများလည်း ထည့်သွင်းထားကြောင်း သိရသည်။

 

ပြည်ပပွဲစဉ်အဖြစ် ကာ့ဒ်ဒစ္စတန်မှ အလီ နှင့် မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် ပိုက်ထွေး(ရွိုင်ရယ်ဒီ)၊ ဒုတိယပြည်ပပွဲစဉ်မှာ ရဲသွေးနီ(တောင်ကလေး)နှင့် မီဘွန်း (ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကာ တခြားပြည်တွင်းပွဲစဉ်များမှာ ဟံသာဝတီ (အဖြူရောင်သွေးသစ်) နှင့် ရွှေချစ်အောင် (တိုက်ဂါး)၊ လက်သီးမိုး(ရွိုင်ရယ်ဒီ)နှင့် မင်းထက်ကျော်(တိုက်ဂါး)၊ စောရေထူး(သတ္တိ)နှင့် ဆလိုင်းချမ်းမြေ့ကို (အဲကညော) တို့က ငါးချီပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

 

လေးချီစိန်ခေါ်ပြိုင်ပွဲမှာ ဗညား(နဂါးမာန်)နှင့် သက်ဦးကျော်(ထွန်းသွင်)၊ ကြယ်တံခွန်(မုဒုံသား) နှင့် သွေးလင်းထက်(အဲကညော)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ သုံးချီအထူးစိန်ခေါ်ပွဲများတွင် ပိုင်သက် အောင် (ကညောသွီး)နှင့် သန်းဖြိုးဇော် (ထွန်းသွင်)၊ စောချစ်သဲ (ဇာတိမာန်)နှင့် အာကာဖြိုး (ထွန်း သွင်)၊ ဝင်းနိုင်ထွန်း(TEAM.PT)နှင့် စောအံ့ကြီး (ကညောသွီး) တို့ ပါဝင်ကြမည်ဖြစ်သည်။

 

“ ဒီနှစ်ရာသီ ပြိုင်ပွဲမှာ ကျွန်တော့်အနေနဲ့ ပြည်တွင်း၊ ပြည်ပ အားလုံး ငါးပွဲမြောက် ဦးစီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာလည်း မြန်မာရိုးရာလက်ဝှေ့ကို စိတ်ဝင်စားတဲ့ အလီနဲ့ မကျေပွဲ ပြန်နွှဲချင်တဲ့ ရဲသွေးနီနဲ့ မီဘွန်(ထိုင်း) တို့အတွဲတွေ ထည့်သွင်းထားပါတယ်။ အထူးစိန်ခေါ်ပွဲ ၁၀ ပွဲအပြင် မျိုးဆက်သစ်ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်လို့ စုစုပေါင်း ပွဲစဉ် (၂၀) ကျော် ထည့် သွင်းကျင်းပသွားမှာပါ” ဟု ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ယနေ့မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသော မီဒီယာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

လာမည့် ၂၄ ရက်တွင် ကျင်းပမည့် Lethwei Fight -3 တွင်ရုံဝင်ကြေးကို ငွေကျပ် ၁၀ဝ၀ဝ နှင့် ၅၀ဝ၀ သတ်မှတ်ပြီး CANAL+ မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်