သုံးလကျော်ကြာပိတ်ထားခဲ့သည့် အီဖယ်မျှော်စင် ပြန်လည်ဖွင့်လှစ်

ပါရီ ၂၇ ဇွန်

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက် ဖြစ်ပွားနေစဉ်အတွင်း ရက်ပေါင်း ၁၀၀ ခန့် ပိတ်ထားခဲ့သည့် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အီဖယ်မျှော်စင်ကို ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အီဖယ်မျှော်စင်သည် ပြင်သစ်နိုင်ငံမှ ခရီးသွားများအား အဓိကဆွဲဆောင်မှုရှိသည့်အထင်ကရ အဆောက်အအုံ တစ်ခုဖြစ်ပြီး ယင်းမျှော်စင်သို့ နှစ်စဉ်ခရီးသွား ခြောက်သန်းခန့် လာရောက်ကြသည်။ အီဖယ်မျှော်စင်အား ယခုနှစ် မတ်လအတွင်း ခရီးသွားများလာရောက်ခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အစိုးရအဖွဲ့က ကြေညာခဲ့ပြီးနောက် မျှော်စင်အား ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မျှော်စင်မှ ဓာတ်လှေကားများအား လတ်တလောတွင် အသုံးပြုခွင့် မပြုသေးဘဲ အမြင့် ၃၂၄ မီတာရှိသည့် မျှော်စင် ၏ အမြင့်ဆုံးအထပ်ကိုလည်း ပိတ်ထားဆဲဖြစ်သည်။ မျှော်စင်သို့ လာရောက်သည့် ဧည့်သည်များသည် လှေကား ထစ်များမှတစ်ဆင့် အမြင့် ၁၁၅ မီတာရှိသည့် မျှော်စင်၏ ဒုတိယအထပ်သို့ တက်ရောက်နိုင်ကြပြီဖြစ်သည်။

မျှော်စင်ပေါ်သို့တက်ရောက်ပြီး ပါရီမြို့ရှုခင်းကိုကြည့်ရှုရာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အစီအမံများကို သတ်မှတ်ထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ရမည်ဖြစ်ပြီး လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရမည် ဖြစ်သည်။

အီဖယ်မျှော်စင်သို့လာရောက်သည့်ဧည့်သည်များအနေ ဖြင့် အသက် ၁၁ နှစ်နှင့်အထက် မည်သူမဆို နှာခေါင်းစည်း ဝတ်ဆင်ရမည်ဖြစ်သည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း