သုံးခွမြို့နယ်တွင် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး  

သုံးခွ  ၂ မတ်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ ကျန်းမာသန်စွမ်း အနာရောဂါကင်းဝေးစေရေးအတွက် မတ် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် နံနက် ၉ နာရီခွဲက မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရှိရသည်။

 

မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ သားဖွားဆရာမများက မွေးကင်းစမှစ၍ အသက်တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လခြားလျှက် လဆန်း(၁)(၂)ရက်နေ့တို့တွင် လစဉ်ပုံမှန် ဘီစီဂျီ (ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသားရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်) ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေး၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး စုစုပေါင်း(၁၂)မျိုးကို ထိုးနှံပေးကြောင်း သိရှိရသည်။

 

ထို့ပြင်ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လစဉ်မေးခိုင်ရောဂါကာကွယ်ဆေးများ လစဉ်ထိုးနှံ ပေးလျက်ရှိပြီး ကျန်းမာရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် သတိပြုဖွယ်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောဆွေးနွေးကြောင်း သိရှိရပြီး  မြို့ပေါ်အမှတ် ၉ ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ လည်းလစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ဆန်း