သုံးခွမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချပေး

သုံးခွ ၂၁  ဧပြီ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် မြို့မဈေးတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ယာယီ ပျံကျဈေး ဖွင့်လှစ်ပေးပြီး သတ်မှတ်နေရာများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

သုံးခွမြို့နယ် ကိုဗစ်-၁၉‌ ထိန်းချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့တို့ ပူး‌ပေါင်း၍ မြို့မဈေးအတွင်း၌ ကုန်ခြောက် ဆိုင်များသာ ‌ရောင်းချရန်နှင့် အ.ထ.က‌ ၂‌ ကျောင်းအား ကစားကွင်းတွင် အသီးအရွက်နှင့် သားငါး‌‌များသာ ရောင်းချရန်အတွက်‌ ဈေးနှစ်ခုခွဲ၍‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရခြင်းမှာ ဝယ်ယူစားသုံးသူပြည်သူများ အဆင်ပြေစွာ၀ယ်ယူရန်နှင့် ဈေးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိစေ‌နိုင်ရေးအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ ဈေးသည်များ အနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ရောင်းချရန်၊‌ ဈေး‌ရောင်းချရာတွင် Mask တပ်ဆင်ခြင်း၊ လက်အိပ်များ၀တ်ဆင်ပြီး‌ ရောင်းချ‌စေရန်စသည့် အသိပညာပေးခြင်းများနှင့် ဈေး၀ယ်ယူရာတွင် တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာမှသာ ဝယ်ယူကြရန်  စည်းကမ်းချက်များ ထုတ်ပြန်ထားခြင်းနှင့်‌ နေ့စဉ်လိုက်လံ နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

 

ဈေးရောင်းချချိန်ကို‌ ယာယီဈေးတွင် နံနက်(၆)နာရီမှ(၉)နာရီခွဲအတွင်းသာ ရောင်းချခွင့်ပြု ထားကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာယီပျံကျဈေးအား နေ့စဉ်ဖွင့်လှစ် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ ထံမှ သိရသည်။

 

စည်သူလင်း ပြန်/ဆက်