သုံးခွ(မြို့မ)ကျောင်း၌ အမေရိကန်နိုင်ငံသူတစ်ဦး အင်္ဂလိပ်စာသင်ကြားပေးနေ

သုံးခွ ၃ ဇွန်
 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)တွင် ယခုပညာသင်နှစ် ကျောင်းစဖွင့်သည့် ဇွန် ၁ ရက်မှ စတင်၍ အမေရိကန်နိုင်ငံသူ ကျောင်းဆရာမတစ်ဦးက အင်္ဂလိပ်စာဘာသာရပ် လာရောက်သင်ကြားပေးနေကြောင်း သိရသည်။
 

မြန်မာနိုင်ငံတော်အစိုးရနှင့် အမေရိကန်နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် Peace Corps Myanmar အစီအစဉ်အရ ယခုလို သင်ကြားပေးနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းများတွင် အမေရိကန် နိုင်ငံသား ကျောင်းဆရာ ဆရာမ စုစုပေါင်း ၃၁ ဦးတို့က ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှစ်နှစ်ကြာ အင်္ဂလိပ်ဘာသာရပ် စွမ်းရည်မြင့်မား တိုးတက်စေရေးအတွက် သင်ကြားပေးမည်ဟု သိရသည်။
 

သုံးခွ အထက(မြို့မ)ကျောင်းတွင် သင်ကြားပေးသော အမေရိကန်သူ ဆရာမအနေဖြင့် ပဉ္စမတန်းနှင့် သတ္တမတန်း ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာကို မြန်မာဆရာများနှင့် တွဲဖက်၍ မြန်မာနိုင်ငံ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးလျက်ရှိသည်။

 

ဆရာ ဆရာမများအား အချိန်ဇယားအလိုက် အင်္ဂလိပ်စာ သင်ကြားပို့ချပေးပြီး အားလပ်သည့် အချိန်များတွင် ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စကားပြောလည်း သင်ကြားပေးကြောင်း သိရသည်။
 

အင်္ဂလိပ်စာ စွမ်းရည်တိုးတက် မြင့်မားစေရေးအတွက် လာရောက်သင်ကြားပို့ချပေးသည်ကို ကြိုဆိုကြောင်းနှင့် ယခုလို စီစဉ်ပေးသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ပြောသည်။
 

ကိုကျော်(သုံးခွ)