သတ္တမအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန် ပြပွဲနှင့်ပြိုင်ပွဲ မန္တလေးမြို့၌ ကျင်းပမည်

 
သတ္တမအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်ပြပွဲနှင့်ပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ( မန္တလေးတိုင်းဒေသကြီး) မှသိရသည်။
 
 
အိမ်မွေးတိရိစ္ဆာန်ပြပွဲနှင့်ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်အထိ ၇ ကြိမ်မြောက်ရှိပြီဖြစ်သည်။
 
 
“အဓိကကတော့ အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ၊ ဝါသနာရှင်တွေ အချင်းချင်းရင်းနှီးချစ်ကြည်မှုရှိစေဖို့ ၊ အိမ်မွေးတိရစ္ဆာန်နဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ဒေါက်တာခင်ဇော်ကပြောသည်။
 
 
အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေးပြိုင်ပွဲ၊ ကြောင်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဒိုင်အဖြစ် မလေးရှားနိုင်ငံမှ ဒိုင်က အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အဆိုပါပြိုင်ပွဲတွင် ခွေးပြိုင်ပွဲ၊ ကြောင်ပြိုင်ပွဲများအပြင် ဆော်လမွန်အလှမွေး ကြက်ပြိုင်ပွဲများ၊ Burmese Spitz Dog Show များလည်း ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးမှာ ခွေးတစ်ကောင်ကို ၁၀၀၀၀ ကျပ်၊ ကြောင်တစ်ကောင်ကို ၅၀၀၀ ကျပ်၊ ကြက်တစ်ကောင်ကို ပြိုင်ပွဲဝင်မည့်ကြက် အတန်းအစားပေါ်မူတည်ပြီး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်း သိရသည်။ 
 
 
လျှောက်လွှာများကို အခုလ ၁၄ ရက်မှ ၃၀ ရက်အထိ ရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)ရုံး၊ သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုခန်းများတွင် ဝယ်ယူနိုင်သည်ဟု သိရသည်။
 
 
အိမ်မွေးတိရစ္ဆာန်ပြပွဲနှင့် ပြိုင်ပွဲကို မန္တလေးမြို့ မနောရမ္မံကစားကွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
 
 
အိမို့မို့ခိုင်