သတ္တမအကြိမ် မန္တလေးတောင် ဖိတ်ခေါ်တောင်တက် စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်း လမ်းကြမ်းပြိုင်ပွဲကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးစီး အားကစား အဖွဲ့ချုပ်တို့က ကြီးမှူး၍ G-Shock နာရီ ထုတ်လုပ်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ် သတ္တမအကြိမ် မန္တလေးတောင် ဖိတ်ခေါ် Mountain Bike တောင်တက်စက်ဘီးစီး ပြိုင်ပွဲနှင့် Downhill တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၈၂ လမ်းထောင့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် Pro-1 ပြိုင်ပွဲ (မြန်မာ့လက်ရွေးစင်တန်း)၊ Pro-2 ပြိုင်ပွဲ (စက်ဘီးစီးပြိုင်ပွဲဆု ရထားသူများ)  အသက် ၂၅ နှစ်အောက်ပြိုင်ပွဲ၊ အသက် ၂၅ နှစ်နှင့် ၃၅ နှစ်ကြား ပြိုင်ပွဲ၊ အသက် ၃၅ နှစ်မှ ၄၅ နှစ်ကြားပြိုင်ပွဲ၊ အသက် ၄၅ နှစ်အထက် ပြိုင်ပွဲ၊ အသက် ၆၀ နှစ်အထက် ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပပြီး စက်ဘီးစီး အားကစားသမား ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲဝင် စက်ဘီး အားကစားသမားများသည် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၈၂ လမ်းထောင့်မှ ၂၆ လမ်းအတိုင်း ၆၆ လမ်းအထိ၊ ၆၆ လမ်းမှ ၁၉ လမ်းအထိ၊ ၁၉ လမ်းမှ မန္တလေး-ပုသိမ်ကြီး ရန်ကင်းတောင်လမ်းအတိုင်း ရန်ကင်းတောင် အဆင်းလမ်းအတိုင်းတက်ပြီး ရန်ကင်းတောင်တက် လမ်းအတိုင်းပြန်ဆင်းကာ တောင်သုံးလုံးလမ်းကြောင်းအတိုင်း လမ်းပြောင်းပြန် လယ်တော လမ်းကြမ်းကို စီးနင်းပြီး မန္တလေးတောင် အဆင်းလမ်းမှ တောင်ပေါ်တက်၍ စက်လှေကားထိပ်တွင် ပန်းဝင်ကြသည်။

ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်တစ်သိန်းနှင့် G-Shock နာရီတစ်လုံး၊ ဒုတိယဆု ငွေကျပ် ခုနှစ်သောင်းနှင့် G-Shock နာရီတစ်လုံး၊ တတိယဆု ငွေကျပ် ငါးသောင်းနှင့်အတူ G-Shock နာရီတစ်လုံး၊ စတုတ္ထဆု ငွေကျပ် တစ်သိန်းကိုးသောင်းတန် Gshock နာရီတစ်လုံး၊ ပဉ္စမဆု ငွေကျပ် တစ်သိန်းရှစ်သောင်းတန် GShock နာရီတစ်လုံးတို့ကို ချီးမြှင့်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူများအား GShock နာရီများ မဲနှိုက်၍ ဆုချီးမြှင့်ကြောင်း သိရသည်။   

            
                                                   
မောင်ပြည်သူ(မန္တလေး)