သတင်းသမားတွေက လွပ်လပ်ပြီး အမှီအခို ကင်းပြီးတော့ အားကောင်းတဲ့ မီဒီယာဖြစ်လာအောင် လုပ်ဖို့လိုတယ်၊ အဲ့ဒါကို အစိုးရ မဏ္ဍိုင် သုံးရပ်ကလဲ အသိအမှတ်ပြုဖို့ လိုတယ်

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူများအား တိကျခိုင်မာသည့် သတင်း အချက်အလက်များ ပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် ၄ ရပ်  အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ သတင်းမီဒီယာ ကောင်စီမှ ဒုတိယ ဥက္ကဋ္ဌ ဦးသီဟစောနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပုံများကို ဖော်ပြလိုက်ရပါသည်။

 

မေး။ ဆရာတို့ သတင်းမီဒီယာကောင်စီ အနေနဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပါလဲရှင်။

 

ဖြေ ။ မဏ္ဍိုင်ကြီး လေးရပ်မှာ သတင်းမီဒီယာကောင်စီ အနေနဲ့လုပ်တာ ဒါက ဒုတိယအကြိမ် ဖြစ်ပေမယ့်  စာနယ်ဇင်း ကောင်စီ ၂၀၁၄ မှာတစ်ကြိမ် နေပြည်တော်မှာ လုပ်ခဲ့ဖူးပါတယ်။ ကြားထဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို လှည့်ပြီးတော့ မဏ္ဍိုင်လေးရပ်ဆိုပြီး လုပ်တယ်၊ လောလောဆယ် ရခိုင်၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးမှာ လုပ်ပြီးပြီ။ ဒီလမကုန်ခင်မှာပဲ စစ်ကိုင်းကို သွားဖို့ရှိတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ လုပ်ဖို့ရှိတယ်။ စစ်ကိုင်းနဲ့ ဆိုရင် ၇ ခုရှိသွားပြီ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဏ္ဍိုင်လေးရပ် ရှိတယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားရေး၊ အုပ်ချုပ်ရေးရုံးတွေ အဲ့ဒါတွေက တိုင်းနဲ့ပြည်နယ် တစ်ခုစီမှာ အနေအထား မတူဘူး။ စတုတ္ထမဏ္ဍိုင် ဆိုတာက သတင်းသမားတွေပေါ့၊ သတင်းသမားတွေနဲ့ ကျန်တဲ့ မဏ္ဍိုင် သုံးရပ်နဲ့ ဆက်သွယ်ရေး၊ ဆက်ဆံရေး အဆင်ပြေစေချင်တယ်။ ဒီမှာဆိုရင် နောက်ဆုံးလုပ်ခဲ့တဲ့ ၂၀၁၆ တုန်းက သဘောတူညီချက် ၁၆ ချက်ရှိတယ်။ အဲ့ ၁၆ ချက်မှာ ဘယ်ဟာတွေက အလုပ်ဖြစ်ပြီလဲ။ ဘယ်ဟာတွေက အလုပ်မဖြစ်သေးဘူးလဲ၊ ဘယ်ဟာတွေက ထပ်ဖြည့်ဖို့လိုလဲ အဲ့ဒါတွေ ဒီနေ့ ရှင်းလင်းကြမှာပါ။

 

မေး။  ဒီမဏ္ဍိုင်တိုင်ကြီး လေးရပ် ဆွေးနွေးပွဲက ဘယ်လောက်အထိ အထောက်အပံ့ဖြစ်စေလဲ။

 

ဖြေ။ အချို့ဟာတွေကတော့ အဆင်ပြေချင်တဲ့ ကိစ္စတွေပြေသွားတယ်။ ဥပမာ ဝန်ကြီးဌာန တစ်ခုစီမှာ ပြောရေးဆိုခွင့် ရှိသူတွေ ထားမယ်ဆိုတာ ထားလာတယ်။ ဌာနတစ်ခုကို တစ်ယောက်ဆီထားတဲ့အပြင်၊ ပြောရေးဆိုခွင့်ရှိတဲ့ ရုံးအဖွဲ့ တစ်ဖွဲ့စီ ထားသင့်တယ်လို့ အကြံပြုထားတာရှိတယ်၊ အချို့ဝန်ကြီးဌာနတွေတော့ အဲ့အဆင့်ကို ရောက်လာကြပြီ၊ အများစုကတော့ မရောက်သေးဘူး၊ အဲ့လိုမျိုး တိုးတက်မှုတော့ ရှိပါတယ်။ တကယ်တမ်း ပြောရရင် မဏ္ဍိုင်တိုင်ကြီး လေးရပ်က ဒီနေပြည်တော်မှတော့ ဝန်ကြီးဌာန အားလုံးရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ ပါတယ်။ ပြီးရင် လွှတ်တော်က ကိုယ်စားပြုတဲ့လူတွေ ပါတယ်။ နောက်တရားလွှတ်တော်ချုပ်က ကိုယ်စားပြုတဲ့လူတွေပါတယ်။ ဒါပေမယ့် တရားလွှတ်တော်ချုပ်ဆိုတာက Judiciary (တရားရေးကိုယ်စားပြု) ပေါ့။ အဲ့လိုကိုယ်စားပြုတဲ့အခါမှာ ဥပဒေချုပ်ရုံးကလည်း ပါတယ်။ ဒီမီဒီယာဘက်မှာ  သတင်းမီဒီယာကောင်စီရယ်၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေဖြစ်တဲ့ MJA၊ MJN၊MUJS တို့ BNN တို့နဲ့ အပြန်အလှန် နားလည်မှုရအောင် ဆွေးနွေးမယ်။ နောက်လိုချင်တဲ့ တောင်းဆိုချင်တဲ့ အချက်လေးတွေလည်း ရှိတယ်။

 

အမေး။ ဒီကနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး မဏ္ဍိုင်ကြီးလေးရပ်က ဘယ်လောက်ထိ အရေးပါလာနိုင်ပြီးတော့ အဖြေထွက်လာနိုင်မလဲ။

 

ဖြေ။ တကယ်တမ်းပြောရရင်တော့ တစ်ကြိမ်ထဲနဲ့တော့ လိုချင်တာတွေ အကုန်လုံးမရတာတော့ သေချာတယ်၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီးလုပ်ရတာပေါ့၊ ကျွန်တော်တို့ဖြစ်စေချင်တာက မဏ္ဍိုင်ကြီးလေးရပ်မှာ စတုတ္ထမဏ္ဍိုင် လို့ခေါ်တဲ့ သတင်းသမားတွေပေါ့။ သတင်းသမားတွေက လွပ်လပ်ပြီး အမှီအခို ကင်းပြီးတော့ အားကောင်းတဲ့ မီဒီယာဖြစ်လာအောင် လုပ်ဖို့လိုတယ်၊ အဲ့ဒါကို အစိုးရ မဏ္ဍိုင် သုံးရပ်ကလဲ အသိအမှတ်ပြုဖို့ လိုတယ်၊ ကိုယ့်ဟာကိုလည်း ကြိုးစားဖို့လိုတာပေါ့။

 

MDN