သတင်းအချက်အလက်မှန်ကိုသာ ခွဲခြားချင့်ချိန်စိစစ်ရယူ

၂၉ ဧပြီ

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဧပြီ ၃၀ ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မေ ၂ ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် တိုင်းထွာချက်များပေါ်တွင် အခြေပြုပြီး ခန့်မှန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ လေဖိအားနည်းရပ်ဝန်းဆိုသည်မှာ မုန်တိုင်းတစ်ခု စတင် သန္ဓေတည်သည့် မိုးလေဝသဖြစ်စဉ်တစ်ခုပင်ဖြစ်ပြီး အားပျော့ ပျက်ပြယ်သွားခြင်း သို့မဟုတ် ပိုမိုအားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိသွားခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ဧပြီလကုန် မေလ ဆန်းသည် မိုးကြိုကာလ မုန်တိုင်းများဖြစ်ပေါ်တတ်သည့် အချိန်အခါပင် ဖြစ်သည်။

 

ဤကဲ့သို့သော ရာသီမျိုးတွင် မိုးလေဝသနှင့် စပ်လျဉ်း၍ သတင်းတု သတင်းမှားများ နှစ်စဉ်လိုလို ထွက်ပေါ်လာလေ့ရှိရာ ယခုနှစ် ဧပြီ ၂၄ ရက်နေ့တွင်လည်း မုန်တိုင်းဆိုင်ရာ သတင်းမှားတစ်ခု စတင်ပျံ့နှံ့ခဲ့ပြီး ပြန်လည်မျှဝေမှု သောင်းဂဏန်းအထိ ရှိခဲ့သည်။ တစ်ဖက်တွင်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ၎င်း၏ တိုင်းထွာတွေ့ရှိမှုများနှင့် ခန့်မှန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိရာ ပြည်သူ များအနေဖြင့် သတင်းမှန်နှင့် သတင်းမှားကို မရောထွေးဘဲ ကွဲကွဲပြားပြား ခွဲခြားနားလည်နိုင်မှသာ သတင်းအမှန်၊ အချက်အလက်အမှန်ကို ရရှိနိုင်ကြမည်ဖြစ်သည်။

 

မိုးလေဝသဆိုင်ရာ ဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သည့် အားလျော်စွာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်းနှင့် စပ်လျဉ်းသည့် အသိပေးချက်ကို ဧပြီ ၂၉ ရက်တွင် မိုးဇလက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် ဖြစ်ပေါ် လာဖွယ်ရှိသည့် မုန်တိုင်းနှင့် စပ်လျဉ်း၍ အိန္ဒိယ၊ အမေရိကန်နှင့် ဥရောပ အပါအဝင် ပြည်ပမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကိုပါ ယှဉ်တွဲဖော်ပြလျက် မုန်တိုင်းဖြစ်ပေါ်နိုင်သည်မှာ သေချာသလောက် ရှိသော် လည်း မုန်တိုင်းကမ်း ဖြတ်ကျော်မည့်နေရာ၊ ဖြတ်ကျော်မည့်ရက်၊ အချိန်တို့သည် (အသိပေးချက် ထုတ်ပြန်သည့်အချိန်ထိ)မသေချာမှုများ ရှိနေဆဲ ဖြစ်ကြောင်းကိုပါ ဖော်ပြပေးခဲ့သည်။ ယခုနှစ် မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ် နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်၌ ဖော်ပြထားသည်။

 

ထူးခြားသည့် မိုးလေဝသဆိုင်ရာ ဖြစ်စဉ်များသည် စိုက်ပျိုးရေး မွေးမြူရေး လယ်ယာသားငါးလုပ်ငန်းများ၊ ရေကြောင်းနှင့် လေကြောင်း သွားလာရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပေါ်တွင် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသကဲ့သို့ နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝ ဘေးအန္တရာယ်များကြောင့်လည်း ပြည်သူအများက စိတ်ဝင်တစားရှိကြရာ အချက်အလက်မှန်များကို ရရှိနိုင်ရန် တရားဝင်ထုတ်ပြန်ပေးနေသည့် မိုးလေဝသသတင်းထုတ်ပြန်ချက်များကို မီဒီယာပလက်ဖောင်းမျိုးစုံတွင် ရရှိနိုင်နေပြီဖြစ်သည်။ သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို မစိစစ်ဘဲ လက်ခံဖတ်ရှုခြင်း၊ ထပ်ဆင့်ဖြန့်ချိခြင်းတို့ကို ဂရုပြုရှောင်ရှား ကြရန်လိုသည်။

 

မိမိတို့ နိုင်ငံသူ နိုင်ငံသား ပြည်သူများအားလုံး ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေကြရချိန်တွင် နှစ်စဉ်အချိန်အခါရောက်တိုင်း ဖြစ်ပေါ်နေကျ မိုးလေဝသဖြစ်စဉ်များကိုလည်း တစ်ပြိုင်တည်း ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။ မိမိတို့နေထိုင်ရာဒေသ၏ ပထဝီအနေအထားနှင့် နှစ်စဉ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အခြေခံပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်မျှော်တွေးကာ သဘာဝဘေးများအားလုံးကို ရှောင်ရှားကျော်လွှားလွန်မြောက်နိုင်ရန် စီမံခန့်ခွဲမှုများ ပြုလုပ်ကြရမည် ဖြစ်သည်။ သဘာဝတရားသည် အင်အားကြီးမားသည် မှန်သော်လည်း ဉာဏ်ပညာဖြင့် အရာရာကို စေစားအောင်မြင်မည်ဟု ယုံကြည်ပါ ကြောင်း။ ။

 

မြန်မာ့အလင်း