သတိတရားနှင့်စုပေါင်းအားဖြင့် အန်တုယူ

၂၂ အောက်တိုဘာ

 

မျက်မှောက်ကာလတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုအကျိုးဆက်အဖြစ် ဆိုးရွားလှသည့် သဘာဝဘေးအမျိုးမျိုးတို့ကို ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည်။ မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးအမျိုးမျိုးနှင့် နှစ်စဉ်ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်မူ ယခင်နှစ်များထက်စာလျှင် ပိုမိုကြုံတွေ့ရင်ဆိုင်ရလျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

 

မန်မာနိုင်ငံတွင် ကြုံတွေ့လာရသော သဘာဝဘေးအမျိုးမျိုးတို့မှာ အင်အားမပြင်းထန်ခြင်း၊ သတိတရား၊ အသိတရား၊ ညီညွတ်သည့် စုပေါင်းအင်အားတို့ဖြင့် အန်တုရင်ဆိုင်နိုင်ခြင်းတို့ကြောင့် အခြားနိုင်ငံများ နှင့်နှိုင်းစာလျှင် ထိခိုက်ခံစားနိုင်ခြေ နည်းပါးသည်ဟု ခန့်မှန်းရမည်ဖြစ်သည်။ သို့ရာတွင် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅၀ဝ ကျော်ရှိခဲ့ပြီး လူဦးရေငါးသိန်းကျော် ဘေးဒုက္ခများ ခံစား ခဲ့ကြရသည်ဟု ဆိုထားသောကြောင့် လျှော့တွက်၍လည်းမရနိုင်ချေ။

 

သဘာဝဘေးဟူသည် ကြိုတင်မျှော်မှန်း၍ မရနိုင်သည့် သဘာဝဟုဆိုသော်လည်း ကမ္ဘာတစ်ဝန်းလုံး၌ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအမျိုးမျိုး တို့ကို ယခုနှစ်ဖြစ်ပေါ်နေသော တစ်ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေတို့က ခန့်မှန်းဖော်ပြသည့်အတိုင်း ဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်ပါသည်။

 

မကြာသေးမီ ရက်သတ္တပတ်ကာလအတွင်း ဒေသတွင်းနိုင်ငံများတွင် အင်အားပြင်းထန်သောမုန်တိုင်းဘေးတို့ကို ကြုံတွေ့ခံစားခဲ့ကြရသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ထိုဘေးတို့မှ ကင်းလွတ်ခဲ့ရပြီး အဖျားအနား မျှလောက်သာ ထိတွေ့ခံစားခဲ့ကြရသည်။ လုံးဝကင်းလွတ်သော အနေအထားတော့မရှိသေးချေ။ ယခုရက်ပိုင်းတွင်မူ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အလားအလာရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံ၏ ပင်လယ်ကွေ့တွင် အပူပိုင်းမုန်တိုင်းငယ် ဖြစ်ပေါ်နေသောကြောင့် ယင်းတို့၏ပွတ်တိုက်ထိတွေ့မှုဒဏ်ကို အနည်းနှင့်အများ ခံရနိုင်ဖွယ် ရှိနေသည်။

 

ထိုင်းနိုင်ငံမှ အပူပိုင်းမုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက် လာနိုင်ဖွယ်နှင့် ထိုသို့ဝင်ရောက် လာချိန်၊ ဝင်ရောက်ပြီးချိန်တို့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်ပြီး မုန်တိုင်းဖြစ်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေး ဒဏ်ကို ကြိုတင်ကာကွယ်၍ ရှောင်ရှား ကြရမည်ဖြစ်သည်။ လက်ရှိတွင် မုတ်သုံထွက်ခွာသွားပြီ ဖြစ်သော်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများ ယခုနှစ်ကုန်အထိ ရှိနေမည်ဟု ခန့်မှန်းထားသဖြင့် သဘာဝဘေးကို စုပေါင်းညီညာစွာဖြင့် အန်တုရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်သည်။

 

သဘာဝဘေးသည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်တံ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ် စေသည့် အဓိကစိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့် ယင်းအရေးကို နိုင်ငံတော်က မြော်တွေး၍ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် စီမံကိန်းများရေးဆွဲဆောင်ရွက်ကြရာတွင် သဘာဝ ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ သဘာဝဘေးနှင့် ပြည်သူများမှာ အစဉ်အမြဲလိုလို ထိတွေ့နေရသဖြင့် မည်သို့နေထိုင်ဆောင်ရွက် ကြရမည်ကို အားလုံးနားလည်သိရှိထားကြပြီး ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ဆောင်ရွက်ကြရာတွင် သဘာဝဘေးကြောင့် လူမှုစီးပွားဆုံးရှုံး ထိခိုက် နိုင်ခြေကို လျှော့ချနိုင်ရန်အတွက် နိုင်ငံသားတိုင်း ပိုမိုပူးပေါင်းပါဝင် နိုင်သည့် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပြီး သတိတရားစုပေါင်းအားဖြင့် သဘာဝဘေးကို အန်တုကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။(ကြေးမုံ)