သတိထားရမည့် မျောက်ကျောက်‌ရောဂါ

ပေါက်ပေါက်

 

မျောက်ကျောက်ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ပျံ့နှံ့နေကာ လေ့လာမှုအသစ် တစ်ခုအရ ယခင်ကအာဖရိကတွင်ဖြစ်ပွားသည့် ရောဂါလက္ခဏာနှင့်မတူသည့် လက္ခဏာအသစ် များ‌တွေ့လာရသည်ဟု သိရသည်။  ဗြိတိသျှဆေးပညာဂျာနယ် (BMJ) ၏ လေ့လာမှုအရ အချို့လူနာများသည် စအို သို့မဟုတ် စအိုဝနာခြင်းနှင့် အချို့တွင် နှစ်မျိုးလုံးခံစားရကြောင်း တွေ့ရှိခဲ့သည်။ New England Journal of Medicine ကို ကိုးကားထားသော လေ့လာမှုအရ လူနာများ၏ ၉၅ ရာခိုင်နှုန်းသည် အဓိကအားဖြင့် အနာနှင့် အကျိတ်အနာများ အပါအဝင် ခန္ဓာကိုယ်၌ အဖုအပိမ့်များပင် ပေါ်ပေါက်လာသည်ဟုဆိုသည်။ ၎င်းဝေဒနာသည်များ၏ ၉၈ ရာခိုင်နှုန်းခန့်သည် အမျိုးသားချင်း လိင်တူဆက်ဆံခြင်းနှင့် မသန့်ရှင်းသောအိပ်ရာ၊ အသုံး အဆောင်ပစ္စည်းများကြောင့်ဖြစ်ကြောင်း သိရသည်။

 

မျောက်ကျောက်ရောဂါရှိသူ ၁၅ ရာခိုင်နှုန်း၌ စအိုနှင့်စအိုဝတွင်  နာကျင်ခြင်းလက္ခဏာများ  ပြသ နေသည်ကို   မထင်မှတ်ဘဲတွေ့ရှိပြီးနောက်    ယခု လက္ခဏာအသစ်များကို    မျောက်ကျောက်၏ လက္ခဏာများအဖြစ်      ထည့်သွင်းသင့်သည်ဟု လေ့လာမှုတစ်ရပ်က ဆိုပါသည်။ ထပ်မံ၍လည်း ယခုသုံးသပ်ချက်သည် လက္ခဏာအားလုံးကို မခြုံငုံ မိသဖြင့် အခြားလက္ခဏာများလည်း ရှိ‌နိုင်သည်ဟု သိရသည်။  မျောက်ကျောက်သည် ကျောက်ရောဂါ ကဲ့သို့ ဗိုင်းရပ်စ်မျိုးစုဝင် ဖြစ်သည်။ အင်္ဂလန်တွင် မျောက်ကျောက်လူနာ ၂၀၅၀ နှင့် အမေရိကတွင်  ၂၀ဝ၀ ကျော်ကို တွေ့ရှိထားပြီး အင်္ဂလန်ရှိ လန်ဒန် မြို့တွင် အဆိုးရွားဆုံးဖြစ်ကြောင်း ဇူလိုင်လစတုတ္ထ ပတ် အစီရင်ခံစာများတွင် တင်သွင်းရေးသားထားပါသည်။

 

အမေရိကန် CDC မှ ဖော်ပြချက်အရ မျောက်ကျောက်ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ခန္ဓာကိုယ်တွင်း ရှိ အဖုလေးများ ရောင်ရမ်းခြင်း၊ ချမ်းခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သည့်     လည်ချောင်း နာခြင်း၊ နှာပိတ်ခြင်းနှင့် ချောင်းဆိုးခြင်းများ   ပါဝင်သည်။ မျောက်ကျောက် ရောဂါပိုးကူးစက်ပြီး ရက်သတ္တပတ် သို့မဟုတ် နှစ်ပတ်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လေ့ရှိပြီး မျက်နှာတွင် ဝက်ခြံ သို့မဟုတ် အရည် ကြည်ဖုများကဲ့သို့ အဖုများထွက်နိုင်ကာ ဖျားနာမှု သည် ပုံမှန်အားဖြင့် ရက်သတ္တနှစ်ပတ်မှ လေးပတ် ကြား ကြာတတ်သည်ဟုလည်း CDC က ပြောကြားခဲ့သည်။

 

မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါဆိုသည်မှာ မျောက် ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက် ရောဂါတစ်မျိုး ဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက် များတွင်   စတင်တွေ့ရှိခဲ့ပါသည်။   ပထမဆုံးလူသား တွင် ဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ     အာဖရိက အလယ်ပိုင်း ကွန်ဂိုနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွားမှုကို ကြိုးကြားကြိုးကြား တွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်း အာဖရိက အလယ်ပိုင်း၊ အာဖရိက အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက် အမေရိကနှင့် ကမ္ဘာနေရာအနှံ့အပြားတွင် ကူးစက် ပျံ့နှံ့လာပြီဖြစ်သည်။

 

မူရင်းတွေ့ရှိခဲ့သော  မျောက်ကျောက်ရောဂါသည်   ရောဂါပိုးရှိသော  လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့်  အနီးကပ်ထိ တွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်ပါ သည်။ ထိုကာလများ၌ လူအချင်းချင်း ကူးစက်မှုကို အနည်း ငယ်သာ တွေ့ရှိရပါသည်။ သို့သော် ၂၀၂၂ ခုနှစ် မေလအတွင်း ကပ်ရောဂါအသွင်  ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်ကြောင်းနှင့်  မျောက်ကျောက်ရောဂါ၏    မျိုးဗီဇ အပြောင်းအလဲသည်    မျှော်လင့်ထားသည်ထက် ၁၂ ဆ ပိုမြန်ဆန်ကြောင်း   ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအား ချို့ယွင်းသူ များတွင်  အဆိုပါရောဂါပိုး   ကူးစက်ခံရပါက ပိုမို ပြင်းထန်သောလက္ခဏာများ     ဖြစ်နိုင်ခြေရှိပြီး၊ ရှားရှားပါးပါးအခြေအနေများတွင် မျောက်ကျောက် ရောဂါဖြင့် သေဆုံးနိုင်ကြောင်း သိရသည်။

 

ဥရောပသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှု၏ ဗဟိုချက်အဖြစ်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင်   ကမ္ဘာတစ်ဝန်း   အတည်ပြုထားသော ကူးစက်ခံရသူ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုရောဂါ   ကူးစက်ခံရသူ  အများဆုံး ဖြစ်နေသော သုံးနိုင်ငံမှာ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီတို့ ဖြစ်ကြသည်။   မျောက်ကျောက်ရောဂါသည် ဗြိတိန်နိုင်ငံ၌ လူငယ်လူရွယ် အများစုအကြားတွင် ကူးစက်နေကြောင်း   လန်ဒန်မြို့တော်မှ    ကူးစက် ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။

 

တိရစ္ဆာန်များကြောင့်   ကူးစက်ရောဂါဖြစ်ပွားမှု အာဖရိက၌ မြင့်တက်လာ

အာဖရိက၌ ၂၀၁၂ ခုနှစ် မှ ၂၀၂၂ ခုနှစ်အကြား တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးပြောင်း လာသော   ကူးစက်ရောဂါများဖြစ်ပွားမှု   ကြိမ်ရေ သည် ပြီးခဲ့သော ဆယ်စုနှစ်ကထက် ၆၃ ရာခိုင်နှုန်း ပိုမြင့်မားလာခဲ့ကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို အာဖရိကတိုက်၌  တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးပြောင်းလာသော ကူးစက်ရောဂါများ ဖြစ်ပွားမှုကြိမ်ရေ မြင့်တက်လာမှုသည် အနာဂတ်ကာလ၌ ကမ္ဘာကြီး အနေဖြင့်      မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့်    ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ရောဂါများနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်တက်လာမှု၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း WHO မှကျွမ်းကျင်သူများက သတိပေးထားသည်။    ကူးစက်ရောဂါ ကြီးများအဖြစ် မပြောင်းလဲမီတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်၊ ကူးစက်ရောဂါများ၏ ဗဟိုချက် အာဖရိက ဖြစ်လာမည့်အရေးကို တားဆီးရန် လိုအပ်နေပြီဖြစ်ကြောင်း WHO က သုံးသပ်ထားပါသည်။

 

WHO ထုတ်ပြန်ချက်

မျောက်ကျောက်ရောဂါကူးစက်မှုသည် ယခုနှစ် ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြားတွင် ၇၇ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ ဤဆောင်း ပါး ရေးနေချိန် ဇူလိုင်လ စတုတ္ထပတ်အထိ နိုင်ငံနှင့် ဒေသပေါင်း ၇၅ ခုတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၁၆၀ဝ၀ ကျော်ရှိနေပြီး သေဆုံးသူငါးဦး တွေ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှား ဖြစ်ပွား နေသော အခြေအနေကိုကြည့်ပြီး “မျောက်ကျောက် ရောဂါဟာ ယခင်က ဖြစ်ပွားလေ့မရှိသောနိုင်ငံများ တွေမှာပါ ရောဂါပျံ့နှံ့ လာပါတယ်။ မျောက်ကျောက် ကူးစက်ရောဂါပြင်းထန်မှု  အတိုင်းအဆနှင့် ပတ်သက်ပြီး WHO ကျွမ်းကျင်သူများ   အရေးပေါ် ကော်မတီအနေဖြင့် ဘုံသဘောတူညီချက် မရယူ နိုင်ခဲ့သော်လည်း ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရ  အရေးပေါ်အခြေအနေ  (Public   Health Emergency of International Concern) ဖြစ်တယ် လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က ဇူလိုင် ၂၃ ရက် စနေနေ့ တွင် သတင်းမီဒီယာများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၎င်းက ယခုလို နိုင်ငံတကာအတွက် စိုးရိမ်ရသော အများပြည်သူအရေးပေါ်ကျန်းမာရေး အခြေအနေကို နိုင်ငံအားလုံးက ပူးပေါင်း ဆောင်ရွက်ပြီး ဝိုင်းဝန်းတုံ့ပြန် ဆောင်ရွက်ကြရန်အတွက် သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊     တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကုသမှုများ၊ ကာကွယ်ဆေးဝေမျှ ပေးကြစေလိုကြောင်းနှင့် ရန်ပုံငွေကိုလည်းထည့်ဝင် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

 

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်၏  သဘာဝအတိုင်းကူးစက် မြန်ဆန်ပါသည်။  (က)   Monkeypox ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသည့် တောရိုင်း တိရစ္ဆာန်များ သို့မဟုတ် လူအချင်းချင်း ခန္ဓာကိုယ် အရေပြားခြင်း ထိတွေ့မှု၊ (ခ) ခန္ဓာကိုယ်မှ ထွက်ရှိ သောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါထွက်သောအရည်)၊ (ဂ) လူ၏ အနာများ၊ အညစ်အကြေးများနှင့်  တိုက်ရိုက်ထိတွေ့မိရာမှ ကူးစက်ခြင်း၊ (ဃ) ရောဂါပိုးရှိသူနှင့်  မျက်နှာချင်း ဆိုင်အချိန်အတော်ကြာ ထိတွေ့မိခြင်းနှင့် (င) ရောဂါ ပိုးများ ကပ်တင်ကျန်နေသည့်   အသုံးအဆောင် ပစ္စည်းများကို လက်ဖြင့် ကိုင်တွယ်မိရာမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။

 

ကာကွယ်နိုင်မည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည်    ကူးစက်ရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူး အရေးကြီးပါသည်။ ကိုဗစ်- ၁၉ စည်းကမ်းချက်များ နှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက် ရောဂါကိုကာကွယ်ရန်   မခဲယဉ်းလှပေ။ (က) Monkeypox(မျောက်ကျောက် ရောဂါ) လက္ခဏာ ခံစားနေရသူများနှင့်    အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ (ခ) လက်ကို    ဆပ်ပြာနှင့်   ရေ သို့မဟုတ်   အယ်လ်ကိုဟော    အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောပါ။ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်ပါ။ (ဃ) တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ။ (င) နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ။ (စ) အစား စိမ်းများကို ကျက်အောင်ချက်စားပါ။ (ဆ) တောရိုင်း တိရစ္ဆာန်များကို အကာအကွယ် မပါဘဲ မထိတွေ့ပါ နှင့်။   (ဇ) လက်မဆေးဘဲ   ပါးစပ်၊   နှာခေါင်းနှင့် မျက်လုံးများကို     ကိုင်တွယ်ခြင်း      မပြုပါနှင့်။ (ဈ) လူအများသုံး သန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်း လက်ရန်းများ၊   ဘတ်စ် ယာဉ်ထိုင်ခုံ စသည့်ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန် ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ။ (ည)တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်  ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်စေရန် ဆောင်ရွက်ပါ။

 

မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ နိုင်ငံအများစု၌ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုး ရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီး နောက် ကျောက်ကြီးရောဂါကာကွယ်ဆေး (Small Pox) ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားပါသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု အပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံ တချို့၌ ကာကွယ်ဆေးကို  အများပြည်သူတို့ တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရပါသည်။

 

ကြိုတင်ပြင်ဆင်မှုများ

ကျန်းမာရေးဝန်ကြီးဌာနက  စဉ်ဆက်မပြတ် စောင့်ကြည့်နေကာ နိုင်ငံအတွင်း ရောဂါစောင့်ကြပ် ကြည့်ရှုမှုစနစ်ကိုလည်း  ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းမှာ  အားရဖွယ်ဖြစ်ပါသည်။ Monkeypox နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊   လေကြောင်းများနှင့်  နယ်စပ် ဝင်ထွက်ပေါက်များမှတစ်ဆင့်    နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ ဖြည့်စွက်ရမည့်  ကျန်းမာရေး မှတ်တမ်းကတ် (Health Declaration Card) တွင် မျောက်ကျောက်ရောဂါနှင့် ပတ်သက်သော အချက် အလက်များ ဖြည့်စွက်ခြင်းကို   ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ပြည်တော်ပြန်များနှင့် နိုင်ငံခြားသားခရီးသွားများ လေဆိပ်သို့ ရောက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါအတွက် RDT စစ်ဆေးချိန်၌ မျောက်ကျောက်ရောဂါ လက္ခဏာများ စစ်ဆေးခြင်းကိုပါ ကျန်းမာရေးဝန်ထမ်း များက တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်နေပါသည်။

 

နိဂုံးချုပ်အားဖြင့် သတိပေးလိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေ အဖြစ် WHO က ကြေညာထားသော မျောက်ကျောက် ရောဂါကို ယခုအခါ မိမိတို့နှင့် အိမ်နီး ချင်းနိုင်ငံများ ဖြစ်ကြသော ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံ တို့တွင်လည်း ကူးစက်နေကြပြီ ဖြစ်သည်။ ထူးခြား ချက်အနေဖြင့်    အနီးကပ်ဆုံး   ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုကို    ခရီးသွား နိုင်ဂျီးရီးယားနိုင်ငံသားတစ်ယောက်တွင် တွေ့ရကာ ထိုဧည့်သည်သည် ဆေးကုမခံဘဲ ပျောက်နေကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်က  သတင်းထုတ်ပြန်ထားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံတွင် ဇူလိုင်လနောက်ဆုံးပတ်က ယင်းနိုင်ငံ သား တစ်ဦးတွင်လည်း မျောက်ကျောက်ဗိုင်းရပ်တွေ့ရှိရကြောင်း သိရသည်။

 

ဤဆောင်းပါးရေးသားချိန်အထိ မြန်မာနိုင်ငံ အတွင်း Monkeypox ဖြစ်ပေါ်မှု မတွေ့ရသေးသော် လည်း ပြည်တော်ပြန်များအနေနှင့်သော်လည်းကောင်း၊ အကယ်၍ မြန်မာပြည်အတွင်း ယင်းရောဂါ ပေါ်ပေါက်လာသောအချိန်တွင်   လည်းကောင်း မျောက်ကျောက်ရောဂါ လူနာနှင့် အနီးကပ် ထိတွေ့ ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ ကုသမှုခံယူကြပါရန် သတိပေးလိုက်ရပါသည်။      ။