သတိထားပါ မျောက်ကျောက်ရောဂါ

တင်ထက်ထက်ဇော်

 

၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းအတွင်းက မျောက်များတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးကို စတင်တွေ့ရှိခဲ့သဖြင့် Monkeypox (မျောက်ကျောက်ရောဂါ) ဟု အမည် ပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ရှားပါးကူးစက် ရောဂါတစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်၏ ကွန်ဂိုနိုင်ငံ၊ ၎င်းဒေသ၏ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်း မိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ပပျောက်သွားခဲ့သည်။

 

မျောက်ကျောက်ရောဂါသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိက နိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့ပါသည်။ ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဝစ္စကို ဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သော ယင်းကူးစက်ရောဂါသည် ဂါနာနိုင်ငံမှတင်သွင်းသော ကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင် ဖြစ်ပွားသည်ဟုလည်းဆိုကြသည်။

 

ယခုအခါ အဆိုပါ မျောက်ကျောက်ရောဂါကို ဗြိတိန်နိုင်ငံတွင် အများဆုံးတွေ့ရသည်။ ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးထွက်ခဲ့သော ဗြိတိန်နိုင်ငံသားသည် မေလ ၄ ရက်နေ့တွင် နေရပ်သို့ပြန်လည်ရောက်ရှိလာပြီး မေလ ၆ ရက်နေ့တွင် ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိခဲ့သည်။ သြစတြေးလျ၌ ကူးစက်ခံရသူတစ်ဦး မှာလည်း ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ရောဂါ လက္ခဏာများ ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်

 

အာဖရိကနိုင်ငံအပြင် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ မော်ရိုကိုနှင့် သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ၂၁ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုကြေညာခဲ့သည်။ ထို့ပြင်မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိသည့် နိုင်ငံများ၏ပြင်ပ၌ မေလ ၇ ရက်နေ့မှစ၍ ထိုရောဂါဖြစ်ပွားသူ အရေအတွက်သည် ယခုအခါ ၂၂၈ ဦး၊ ရောဂါ ဖြစ်နိုင်ခြေလူနာ နှစ်ဦးနှင့် သံသယဖြစ်ဖွယ် လူနာ ၈၂ ဦး ရှိလာပြီဖြစ်ကြောင်း၊ သို့သော် သေဆုံးသူ မရှိသေးကြောင်းနှင့် အဆိုပါရောဂါ ပြန့်ပွားမှုက ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၂၅ ရက်နေ့တွင် ထပ်မံထုတ်ပြန်ထားသည်။

 

ခုဖြစ်ပွားနေသည့်အခြေအနေကို မည်ကဲ့သို့ ထိန်းချုပ်နိုင်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများကို အကြံဉာဏ်များ ပေးနိုင်ရန် ဆွေးနွေးပွဲများကို ကျင်းပနေကြောင်း၊ ယခုလို အာဖရိကဒေသအပြင် ဘက်နိုင်ငံများ၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် အလွန်ရှားပါးသည့် ဖြစ်စဉ်ဖြစ်ပြီး အထူးသဖြင့် ဥရောပဒေသတွင် အဖြစ်များနေကြောင်း WHO က ဆိုပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာများတွင် ဖျားပြီးနောက် အရည်ကြည်ဖုများ ထွက်ခြင်းတို့ပါဝင်ပြီး ထိုလက္ခဏာမှာ အနောက်အာဖရိက မျိုးရိုးဗီဇဖြစ်ကြောင်း၊ သေဆုံးနိုင်ခြေမှာ တစ်ရာခိုင်နှုန်းရှိကြောင်းနှင့် ရောဂါဇာစ်မြစ်ဖြစ်ရာ အာဖရိကဒေသတွင် ထိုရောဂါကို သေချာစွာ မကုသပါက ဗဟိုအာဖရိကဒေသတွင် သေဆုံးနိုင်ခြေ မှာ ၁၀ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ မြင့်မားနိုင်သည်ဟု သိရသည်။

 

ရောဂါလက္ခဏာများ

 

မျောက်ကျောက်ရောဂါ၏ ကနဦးလက္ခဏာများမှာ ဦးခေါင်း ပြင်းထန်စွာကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ လည်ပင်းအကျိတ်များ ရောင်ရမ်းခြင်း၊ နောက်ကျောနာကျင်ခြင်း၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားခြင်း၊ ၎င်းနောက်တွင် မျက်နှာ၊ ခြေ၊ လက် စသည့်တစ်ကိုယ်လုံးအနှံ့ အရေပြား၏ အပေါ်ယံလွှာများပေါ်တွင် အရည်ကြည်ဖုများ ပေါက်လာသည်။ ယင်းအဖုအကွက်များသည် ကိုယ်လုံးပေါ်မှာ ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ ပေါ်တွင် ပို၍ထွက်တတ်သည်။

 

နှိုင်းယှဉ်ကြည့်ရာ၌ ရောဂါကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ်(ခံတွင်း)၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိပေါ်တွင် ပေါက်တတ်ကြောင်း သိရပါသည်။ ၎င်းအရည်ကြည်ဖုသည် ဆက်လက်၍ အဝါရောင် အနှစ် ပြည်ဖုများဖြစ်လာပြီးနောက် ခန္ဓာကိုယ်အနှံ့မှ အဖု၊ အရည်ကြည်ဖုများ ပေါင်းစပ်သွားပြီး ရောဂါ ပျောက်ကာခါနီးတွင် အရေပြားအနာဖေးများ အလွှာလိုက် ကွာကျသွားသည်။ အဆိုပါ ရောဂါ လက္ခဏာများကို ရောဂါပိုးနှင့် စတင်ထိတွေ့သည့် အချိန်မှ နှစ်ပတ်ခန့်အတွင်း ဖြစ်ပေါ်နိုင်ပြီး ရောဂါ လက္ခဏာ၏ ကြာချိန်မှာ ပုံမှန်အားဖြင့် နှစ်ပတ်မှ လေးပတ်ခန့်အထိ ဖြစ်သည်။

 

နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အဆုတ် ရောဂါ၊ ဦးနှောက်ရောင်ရောဂါများ ဖြစ်တတ်ပြီး မျက်ကြည်လွှာ ပိုးဝင်ခြင်းများလည်း ဖြစ်တတ်သည်ဟု သိရသည်။

 

ကူးစက်ပုံ

 

မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော တိရစ္ဆာန်မှသော်လည်းကောင်း၊ လူမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။ ထိုဗိုင်းရပ်စ်သည် အာဖရိကရှိ ကိုက်ဖြတ်တတ်သော တိရစ္ဆာန် အမျိုးအစားဖြစ်ကြသည့် ကြွက်၊ ရှဉ့်၊ ပူးများကြားတွင် ပုံမှန်အားဖြင့် ပျံ့နှံ့တတ်သည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန် တောရိုင်း တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမည်။ ရောဂါရှိသော လူ (သို့မဟုတ်) တိရစ္ဆာန်တို့၏ ပျက်စီးနေသော အရေပြား၊ အသက်ရှူ လမ်းကြောင်း (သို့မဟုတ်) အကျိအချွဲ အမြှေးပါးများ (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်) မှတစ်ဆင့် ခန္ဓာကိုယ် ထဲသို့ ကူးစက်ဝင်ရောက်နိုင်သည်။ လူမှလူသို့ ကူးစက်ခြင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားမှတစ်ဆင့် ကူးစက်တတ်သည်။

 

ထို့ပြင် ချုံပုတ်အရွက်များကို ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက်ဖြစ်ပွားနေသော လူ (သို့မဟုတ်) တိရစ္ဆာန်နှင့် အနီးကပ်ထိခြင်း၊ တိရစ္ဆာန်ကိုက်ခံရခြင်း (သို့မဟုတ်) ခြစ်မိခြင်း၊ ရောဂါဖြစ်နေသော အနာ ခွက်များကို ထိတွေ့ကိုင်မိခြင်း၊ ရောဂါပိုးရှိသူ၏ ကိုယ်မှထွက်သော (သုက်၊ သွေး) အရည်များ၊ အရေပြားပေါ်တွင် အနီအဖုအပိမ့် ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊ အိပ်ရာ၊ စောင် စသည့် အသုံးအဆောင်များမှတစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ထို့ကြောင့် အဆိုပါရောဂါနှင့် အမြင့်ဆုံးကူးစက် ထိတွေ့ခဲ့သူသည် ရက်သတ္တသုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဟု ဘယ်လ်ဂျီယံနိုင်ငံနှင့် အင်္ဂလန်ကျန်းမာရေးသုတေသီများက အကြံပြုချက် အသစ်ကို ထုတ်ပြန်ထားသည်။

 

အချုပ်အားဖြင့်ဆိုသော် လတ်တလော ပြည်ပနိုင်ငံများတွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါသည် အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်း ဝေးလံခေါင်သီသောနေရာတွင် ဖြစ်ပွားသော ဗိုင်းရပ်စ်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ လွန်စွာနည်းပါးသည့်အပြင် လူများကြား လွယ်လင့်တကူ ကူးစက်ပျံ့နှံ့နိုင်ခြေမရှိပေ။ ထို့ပြင် အရှေ့တောင်အာရှ ဒေသနှင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါဖြစ်ပွားသူ မရှိသေးပေ။ ထို့ကြောင့် အလွန်အမင်းကြောက်လန့်စရာ မဟုတ်ပေ။ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်စောင့်ကြည့်ကာ နိုင်ငံအတွင်း ရောဂါစောင့်ကြပ် ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းမှာ အားတက်ဖွယ် ဖြစ်ပါသည်။

 

မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေ၌ မျောက်ကျောက်ရောဂါအတွက် သီးသန့်ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ်ထားခြင်း မရှိသေးပေ။ ရောဂါကူးစက်ခံရသူ အများစုသည် ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန် လေ့ရှိသော်လည်း ကလေးငယ်များ၊ နာတာရှည် ရောဂါအခံရှိသူနှင့် ကိုယ်ခံအားလျော့နည်းသူများ မှာ ရောဂါပြင်းစွာ ခံစားရတတ်ပါသည်။ သို့သော် ရေကျောက် (chickenpox)နှင့် ကျောက်ကြီးရောဂါ (smallpox)များ ဖြစ်ပွားစေသောပိုးနှင့် မျောက်ကျောက်ရောဂါကို ဖြစ်ပွားစေသောပိုးတို့ အကြား သွင်ပြင်လက္ခဏာနှင့် ဖွဲ့စည်းပုံ တူညီသဖြင့် ရေကျောက်ရောဂါ၊ ကျောက်ကြီးရောဂါ ကာကွယ် ဆေးထိုးနှံပြီးနောက် မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်မည်ဟု သိရပါသည်။

 

သို့ပါ၍ ပြည်သူများအနေဖြင့် အထူးသတိပြု ရမည်မှာ မြန်မာနိုင်ငံ၏ ပူပြင်းသောရာသီ၌ ကလေးငယ်အများစုတွင် ရေကျောက်ရောဂါ ဖြစ်ပေါ်လေ့ရှိတတ်သဖြင့် အကယ်၍ ၎င်းရောဂါ ဖြစ်ပေါ်ခံစားရပါက မျောက်ကျောက်ရောဂါဟု တလွဲမတွေးသင့်၊ မကြောက်ရွံ့သင့်ဘဲ နားလည်တတ်ကျွမ်းသူ သက်ဆိုင်ရာ ဆရာဝန်ဖြင့် ပြသစေလိုပါကြောင်း အကြံပြုလိုပါသည်။ ။