သတိပြုသင့်သည့် ပြည်ဖျက်ကြေးစားများအန္တရာယ်

မင်းခန့်

ယနေ့ ၂၁ ရာစု သတင်းအချက်အလက်နှင့် နည်းပညာခေတ်မှာ အင်အားကြီးနိုင်ငံတွေဟာ အင်အားငယ်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့လူမှုရေးအပါအဝင် အဲဒီနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနိုင်ငံသားတွေရဲ့ စိတ်ခံစားချက်တွေကို လွှမ်းမိုးခြယ်လှယ်ပြီး သူတို့လိုရာကို လုပ်ဆောင်စေတဲ့နည်းလမ်းကို အသုံးပြုလျက်ရှိပါတယ်။ တစ်နည်း အားဖြင့် အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့အကျိုး စီးပွားအတွက် အခြားနိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ပစ်မှတ်နိုင်ငံကို ပြိုလဲသွားအောင်နဲ့ လွှမ်းမိုးခြယ်လှယ်နိုင်အောင် လုပ်နေတဲ့ အဲဒီနည်းလမ်းဟာ ခေတ်သစ်ကျူးကျော်စွက်ဖက်တဲ့ ပုံစံလို့လည်း ဆိုကြပါတယ်။

AI နည်းပညာကို အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်

အဲဒီလိုလုပ်ဆောင်နိုင်ဖို့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာဖြစ်တဲ့ ကွန်ပျူတာအခြေခံ AI နည်းပညာကို အသုံးချပြီး လူမှုကွန်ရက် (Social Media) အပါအဝင် သတင်းမီဒီယာတွေကတစ်ဆင့် သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြည်သူအများက  လိုက်ပါပြောဆိုလုပ်ကိုင်လာစေမယ့် စိတ်နေစိတ်ထားတွေဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

သူတို့လုပ်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးပုံစံဟာ မီဒီယာအမည်ခံ သတင်းဌာနမျိုးစုံကနေ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ အမှားအမှန်ရောထွေး သတင်းတွေ၊ ဘက်လိုက်ပြီး အမှန်ကို မျက်ကွယ်ပြုကာ လိုရာဆွဲသတင်းတွေကို တမင်ဖန်တီးပြီး လူမှုအသိုက်အဝန်းအတွင်း ကျယ်ပြန့်စွာရောက်ရှိအောင် ထပ်ကာတလဲလဲ နေ့စဉ်ထုတ်လွှင့်နေခြင်း ဖြစ်ပါတယ်။

ဒီလိုထုတ်လွှင့်တဲ့ သတင်းတွေကို ပြည်သူလူထုရဲ့စိတ်ထဲမှာ လိုရာဆွဲ အမှန်သတင်းတွေ ဖြစ်စေဖို့အတွက် AI နည်းပညာနဲ့ ပြည်သူလူထုအကြား များများပျံ့နှံ့အောင်လုပ်ပြီး ပြည်သူတွေအနေနဲ့ ကြားသိရဖန်များလာရင် အမှန်ထင်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ယနေ့မြန်မာနိုင်ငံမှာ Facebook လို လူတိုင်း နီးပါးအသုံးပြုနေတဲ့ Social Media Platform ကို အမိအရအသုံးချပြီး အဲဒီနည်းလမ်းနဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို သူတို့လိုရာ လွှမ်းမိုးခြယ်လှယ်နိုင်ဖို့ ပြည်ပအထောက်အပံ့ခံ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပဩဇာခံ လူမှုအဖွဲ့အစည်းတွေ၊ အမည်အမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ ပြည်တွင်း၊ ပြည်ပက Think-Tank အဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာတွေကို ထင်ရှားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီအဖွဲ့တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တပ်မတော်အတွင်း သပ်လျှိုသွေးခွဲဖို့၊ ပြည်သူနဲ့တပ်မတော်ကို ရန်တိုက်ပေးဖို့၊ မြန်မာပြည်သူ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို နှိမ့်ချစော်ကားဖို့၊ ပြည်သူတွေကြားထဲ အစွန်းရောက်စိတ်တွေ ပျံ့နှံ့ လာအောင်လုပ်ဆောင်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်အောင်လုပ်ဖို့နဲ့ နောက်ဆုံးမှာ သူတို့လိုလားတဲ့ ဩဇာခံအစိုးရတစ်ရပ်ဖြစ်အောင် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။

နည်းလမ်းမျိုးစုံ၊ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ခြေကုပ်ယူခဲ့ကြ

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တပ်မတော်က ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွင်းမှာ ပြည်သူလူထုကို လွတ်လပ်မှုအခွင့်အရေးတွေ ပြန်လည်အပ်နှင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စတင်အသက်ဝင်ကျင့်သုံးလာခဲ့တာကို အခွင့်ကောင်းယူပြီး ကြေးစားမီဒီယာအမည်ခံ အဖွဲ့အစည်း၊ ပရဟိတအမည်ခံ လူမှုအဖွဲ့အစည်းတွေဟာ နည်းလမ်းမျိုးစုံ၊ အသွင်သဏ္ဌာန်မျိုးစုံနဲ့ မြန်မာ နိုင်ငံအတွင်းမှာ ခြေကုပ်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ အစကနဦးမှာတော့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ရှေးရှုသယောင်ပြခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ NLD အစိုးရရဲ့ အာဏာအလွဲသုံးစားမှု၊ အခြေခံဥပဒေ ချိုးဖောက်မှု၊ မဲလိမ်/မဲခိုးမှုတွေကြောင့် တပ်မတော်က အာဏာထိန်းပြီးတဲ့နောက်မှာတော့ ဟန်ဆောင်မျက်နှာဖုံးတွေ ကွာကျသွားကြပါတယ်။ သူတို့ကို ထောက်ပံ့ပေးထားတဲ့ အနောက်အုပ်စုအလိုကျ အတွေးအခေါ်၊ အယူအဆတွေ၊ ဝါဒဖြန့်သတင်းတွေနဲ့ သုတေသန အချက်အလက်တွေကိုသာ အဆက်မပြတ်ထုတ်လွှင့်ပြီး မြန်မာနိုင်ငံမှာ အစွန်း ရောက်စိတ်ဓာတ် ပြန့်ပွားဖို့အတွက် မီးလောင်ရာ လေပင့် လုပ်ဆောင်လာကြပါတော့တယ်။

အရင်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှိုင်း အတက်မှာ အခွင့်ကောင်းယူ လှေကြုံစီးပြီး ပြည်တွင်းဥပဒေတွေအရ တရားဝင်အဖွဲ့အစည်းတွေအဖြစ် ရပ်တည်ခဲ့ကြပေမယ့် အခုနိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း ပြည်တွင်းမှာ ဆက်လက် ရပ်တည်နိုင်စွမ်းမရှိကြတော့ဘဲ ပြည်ပနိုင်ငံတွေကို တိမ်းရှောင်သွားကြပါတယ်။ ပြည်တွင်းမှာ သူတို့ အခိုင်အမာတည်ဆောက်ခဲ့တဲ့ သတင်းကွန်ရက် တွေကိုအသုံးချပြီး သူတို့နောက်ကွယ်က ကြိုးကိုင်ညွှန်ကြားနေတဲ့နိုင်ငံကြီးတွေ ဇာတ်ညွှန်းအတိုင်း မြန်မာနိုင်ငံပြိုကွဲပျက်စီးရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်း အစွန်းရောက်အတွေးအခေါ် သဘောတရားတွေ ပြန့်ပွားရေးတို့ကို ပြောင်ပြောင်တင်းတင်း ဆက်လက်လုပ်ဆောင်လာကြပါတော့တယ်။

ဒီအဖွဲ့အစည်းတွေရဲ့ အဓိကပင်မအရင်းအမြစ်တွေ ပြည်ပကို တိမ်းရှောင်ထွက်ခွာသွားကြပြီ ဖြစ်ပေမယ့် သူတို့တည်ဆောက်ခဲ့တဲ့ကွန်ရက်တွေ ကတော့ ပြည်တွင်းမှာ အရှိန်တစ်ခုနဲ့ ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။

အခါတော်ပေးတွေ၊ လော်ဘီတွေအဖြစ် ဆောင်ရွက်

တချို့သော Think-Tank အဖွဲ့အစည်းတွေဆိုရင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီပံ့ပိုးရေးခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဓိကထား လေ့လာနေကြသလို မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်ရဲ့မူဝါဒတွေ၊ လွှမ်းမိုးမှုတွေကို လေ့လာကြပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနေမှုမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ဆန်းစစ်နေကြပါတယ်။ မြန်မာလူငယ်တွေကိုလည်း အနောက်အုပ်စု အတွေးအခေါ် သဘောတရားဖြစ်တဲ့ အစွန်းရောက် လစ်ဘရယ်သဘောတရား လွှမ်းမိုးမယ့်သင်တန်းတွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးတာတွေ ဆောင်ရွက်နေပါတယ်။ တချို့ကတော့ NUG၊ PDF အမည်ခံ  အကြမ်းဖက်အဖွဲ့တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခါတော်ပေးတွေ၊ လော်ဘီတွေအဖြစ် ဆောင်ရွက်ကြပြီး တပ်ပြေးအဖွဲ့တွေကိုလည်း လေ့ကျင့်ပေးတာ၊ စပွန်ဆာပေးတာတွေ လုပ်ကြပါတယ်။

ဒီလိုလုပ်ဆောင်နေမှုတွေဟာ ခရီးသွားဟန်လွှဲ စိတ်ကူးတည့်ရာ လုပ်ဆောင်နေကြခြင်းမျိုး မဟုတ်ဘဲ ဘက်စုံစစ်ပွဲ (Multidimensional warfare) သဘောတရားထဲက တစ်ခုဖြစ်တဲ့ သဘောတရားရေးနည်းလမ်း (Ideological Means) နဲ့ မြန်မာနိုင်ငံအပေါ် စစ်ပြုနေခြင်းဖြစ်ပြီး အဲဒီစစ်ပွဲရဲ့ အဓိကလက်နက်ကတော့ လူတွေကြားထဲ လက်လှမ်းတမီ အသုံးပြုနေကြတဲ့ အင်တာနက် လူမှုကွန်ရက်တွေပဲဖြစ်ပါတယ်။ နိုင်ငံကြီးတွေရဲ့ တရားဝင်/ တရားမဝင် အားပေးထောက်ပံ့ပေးမှုတွေအရ ငွေအား၊ လူသားအရင်းအမြစ်အားနဲ့ နည်းပညာအားကို အသုံးချပြီး အင်တာနက် လူမှုကွန်ရက်တွေမှာ အစွန်းရောက်သဘောတရား တွေပျံ့နှံ့စေပြီး သမမျှတတဲ့အတွေးအခေါ်၊ အရေးအသား၊ ဆွေးနွေးမှုတွေကို ပိတ်ပင်တားဆီးကာ ဝါဒဖြန့်ချိရေးနည်းလမ်း (Propaganda Means)နဲ့ မြန်မာပြည်သူတွေကို အသိမှား၊ အမြင်မှားအောင် မှိုင်းတိုက်စစ်ဆင်နွှဲနေကြခြင်းသာ ဖြစ်ပါတယ်။

လုပ်ကြံသတင်းအတုတွေ နေ့စဉ်ထုတ်လွှင့်

ဝါဒဖြန့်ချိရေးနည်းလမ်းမှာ ရှေ့တန်းကျကျ ပါဝင်တိုက်ခိုက်နေကြတာကတော့ ပြည်ပ အထောက်အပံ့ခံ ကြေးစားမီဒီယာတွေဖြစ်ကြပါတယ်။ ကြေးစားမီဒီယာတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ဆန္ဒပြမှုတွေအပါအဝင် NUG၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေဘက်က နည်းမျိုးစုံနဲ့ တစ်ဖက်သတ်ဝါဒ ဖြန့်ချိရေး  လုပ်ပေးနေရင်း မြေပြင်အခြေအနေနဲ့ တဖြည်းဖြည်း ဝေးကွာလာကြပါတယ်။ သူတို့ ဖြစ်စေချင်၊ မြင်စေချင်၊ ထင်စေချင်တဲ့ အကြောင်းအရာတွေကို အတင်းကာရော ယုတ္တိတန်၏၊ မတန်၏တောင် မဆင်ခြင်နိုင်တော့ဘဲ အကြီးအကျယ် ဝါဒဖြန့်နိုင်ဖို့ လုပ်ကြံသတင်းအတုတွေ နေ့စဉ်ထုတ်လွှင့်လျက်ရှိပါတယ်။ သူတို့ရဲ့ သတင်းအတု တွေဟာလက်တွေ့နဲ့ ကင်းကွာသည်ထက် ကင်းကွာလာတာကြောင့် ပြည်သူတွေရဲ့ယုံကြည်မှု တဖြည်းဖြည်းကျဆင်းလာပေမယ့် ထပ်ကာတလဲလဲ ထုတ်လွှင့်မှုတွေကြောင့် ထင်ယောင်ထင်မှားနဲ့ ယုံကြည်နေသူတွေလည်း အထိုက်အလျောက်ရှိနေပါတယ်။

ဒီလို လုပ်ကြံသတင်းတု/ သတင်းမှားတွေနဲ့ ပတ်သက်ပြီး စိစစ်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း Khit Thit၊ Mizzima၊ DVB၊ RFA၊ Ayeyarwaddy Times၊ မြေလတ်အသံ အစရှိတဲ့ ပြည်တွင်း/ ပြည်ပ ကြေးစားမီဒီယာ  ခြောက်ခုအပါအဝင် အခြားမီဒီယာအမည်ခံ Page အမျိုးမျိုး၊ အကောင့်အမျိုးမျိုးကနေ တစ်လအတွင်း တင်ပြခဲ့တဲ့ သတင်းပေါင်း ၇၄၄ ပုဒ်ကို စိစစ်ရာမှာ လုပ်ကြံသတင်းအတု ၂၈၁ ပုဒ် (၃၇ ဒသမ ၇၇ ရာခိုင်နှုန်း)၊ သတင်းအမှား ၄၀၅ ပုဒ် (၅၄ ဒသမ ၄၃ ရာခိုင်နှုန်း) ရှိလို့ သတင်းအတု၊ သတင်းအမှား စုစုပေါင်း ၉၂ ဒသမ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ သိရ ပါတယ်။ ဒီအချက်အလက်တွေက ကြေးစားမီဒီယာတွေရဲ့ ဝါဒဖြန့်ချိရေးကို အရှိန်မြှင့်နေတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။

ကြေးစားမီဒီယာတွေရဲ့ ထင်ရှားတဲ့ သတင်းအတု/သတင်းအမှားနဲ့ ဝါဒဖြန့်ချိရေးသတင်းတစ်ခုကို ဥပမာပြရရင် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးမှာ စစ်ထောက်ချုပ်ယာဉ်တန်း ကား ၁၀ စီးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ကြေးစားမီဒီယာပေါင်းစုံကနေ ထပ်တလဲလဲဖော်ပြခဲ့ကြပါတယ်။ ဒီသတင်းကို Mizzima နဲ့ Khit Thit က ဦးဆောင်ဖော်ပြပြီး ကျန်တဲ့ကြေးစားမီဒီယာနဲ့ Facebook Page တွေ၊ အကောင့်အတုတွေကနေ ထပ်ဆင့်ဖော်ပြကြပါတယ်။ အမှန်တကယ်တော့ ဖြစ်စဉ်အမှန်က ကားလမ်းနဲ့ မီတာ ၁၀၀ လောက် ဝေးတဲ့နေရာမှာ ဗြောက်အိုး အကြီးစားလို့ ဆိုနိုင်တဲ့ လက်လုပ်မိုင်းဖောက်ခွဲပြီး သတင်းအတု၊ သတင်းအမှား ထုတ်လွှင့်ကြတာ ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ဝါဒဖြန့်ချိတဲ့ပုံစံဖြစ်ပါတယ်။

ဒီလို ပြည်ပလက်ဝေခံ မီဒီယာတွေရဲ့ သတင်းအတု၊ သတင်းအမှားတွေဟာ သူတို့အမွှမ်းတင် ဝါဒဖြန့်ချိနေတဲ့ တော်လှန်ရေးလုပ်ရပ်အဖြစ် ပုံဖော်နေကြပေမယ့် လက်တွေ့မြေပြင်မှာတော့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်နေပါတယ်။ အပြစ်မဲ့ ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ သံဃာတော်တွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းတောင်မရှိတဲ့ သာမန်ပြည်သူတွေကို လက်နက်အားကိုး သတ်ဖြတ်တဲ့လုပ်ရပ်တွေဟာ ကနဦးရည်ရွယ်ချက်က NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြောက်တရား ပြန့်ပွားရေးမူနဲ့ သူတို့ကို အားပေးထောက်ခံလာဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့် ငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့ ဒလန်ခေါင်းစဉ်တပ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ပရမ်းပတာ လုပ်ဆောင်လာလို့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူအများစုက NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သမားတွေအဖြစ် ရွံရှာစက်ဆုပ် ပြစ်တင်ရှုတ်ချလျက်ရှိပါတယ်။

အနီးစပ်ဆုံးဥပမာအနေနဲ့ကတော့ ဩဂုတ်လ ၁၀ ရက်နေ့ မုံရွာမြို့ ထန်းတောရပ်ကွက်က ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို PDF အမည်ခံ အကြမ်း ဖက်အဖွဲ့တွေက ဓားပြတိုက် ပစ္စည်းယူ လူသတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ NUG အဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လူသားမဆန် ရိုင်းစိုင်း ယုတ်မာတဲ့အကြမ်းဖက်လုပ်ရပ် ဖြစ်ပါတယ်။ ဒီသတင်းကို ပြည်ပအထောက်အပံ့ခံ ကြေးစား မီဒီယာတွေက PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ဖုံးကွယ်ဖို့ သာမန်ဓားပြတိုက်မှုအနေဖြင့်သာ ခပ်ပါးပါး သတင်း ထုတ်ခဲ့ကြပေမယ့် ဖြစ်စဉ်အမှန်ဟာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ NUG လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တစ်ခုက ငါနဲ့မတူ ငါ့ရန်သူအယူအဆနဲ့ သူတို့ကို မထောက်ခံသူတွေထံကနေ ပစ္စည်းယူ လူသတ်ခဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင်ခဲ့လို့ ကြားသိမြင်တွေ့ရသူတိုင်း  အံ့ဩတုန်လှုပ် စိတ်မကောင်း ဖြစ်ကြရပါတယ်။

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ပြည်သူကို ထိတ်လန့်ကြောက်ရွံ့အောင် ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်နေမှုတွေ၊ ခိုးဆိုးလုနှိုက် ဓားပြတိုက်မှုတွေကို ပြည်သူတွေက လက်မခံကြ တော့ဘဲ သက်ဆိုင်ရာတာဝန်ရှိသူ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေကို သတင်းပေး တိုင်ကြားလာကြပါတယ်။ မြို့ရွာတိုင်းမှာ တာဝန်သိပြည်သူတွေဟာ အစိုးရနဲ့ ပူးပေါင်းပြီး ရပ်ရွာအေးချမ်းသာယာရေးကို ပူးပေါင်းလုပ်ဆောင်လာကြတာကြောင့် PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ဆိုတဲ့ အသံကြားတာနဲ့ ဝိုင်းဝန်းသတင်းပေးကြလို့ ယခုနောက်ပိုင်းဖြစ်စဉ်တွေမှာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း အကြမ်းဖက်သမားတွေ ကို ဖမ်းမိလာကြတာကို သတိပြုမိကြပါလိမ့်မယ်။

တော်လှန်ရေးခေါင်းစဉ်နဲ့ မြန်မာပြည် ပျက်စီးရေး ဦးတည်လုပ်ဆောင်နေတဲ့ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံတဲ့ NLD  ပါတီဝင်တွေကိုပါ  သတ်ဖြတ်လုပ်ကြံတာနဲ့ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း စားခွက်လုကြရင်း တိုက်ခိုက်သတ်ဖြတ်မှုတွေဖြစ်လာတဲ့အထိ ဆိုးရွားလာတာကြောင့် ဒုတိယပါဂျောင်လို ဇာတ်တူသားစားတဲ့ အမှုတွေများလာပြီး ဟင်္သာကိုးသောင်းလို ပျက်စီးဖို့ လမ်းပေါ်ရောက်နေကြတာကိုလည်း အထင်အရှား တွေ့နေရပါတယ်။

တော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ ပကတိအခြေအနေတွေ ဘယ်လောက် ပဲ ဆိုးရွားနေစေကာမူ ကြေးစားမီဒီယာတွေကတော့ “ငါတို့နိုင်တော့မှာ၊ ငါတို့နိုင်နေပြီ” လုပ်ကြံဇာတ်ကြောင်းနဲ့ ဝါဒဖြန့်သတင်းတွေကိုပဲ တရစပ် ထုတ်လွှင့်နေကြတာကို တွေ့ရပါတယ်။

ဒီလို ကြေးစားမီဒီယာတွေကနေ သတင်းအတု/ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အရှိန်မြှင့်လုပ်ကြံထုတ်လွှင့်နေတာက သတင်းအမှန်မရရှိတဲ့ ပြည်သူတွေအနေနဲ့ တပ်မတော်အပေါ် ယုံကြည်မှုကျဆင်းလာအောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ စိတ်ဓာတ်ပျက်ပြားပြီး PDF အမည်ခံအကြမ်းဖက် သမားတွေ စိတ်ဓာတ်တက်ကြွလာအောင်၊ အကြမ်းဖက်မှုတွေ ပိုမိုကျူးလွန်လာကြအောင် မီးထိုး ယပ်ခတ်ပေးနေတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ သံဃာ့အဖွဲ့ အစည်းကို ယိမ်းယိုင်အောင် ဆောင်ရွက်နေပြီး ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲ၊ အစွန်းရောက် သဘောတရားတွေပျံ့နှံ့အောင် ဆောင်ရွက်နေတဲ့ ကြေးစားမီဒီယာတွေရဲ့ သတင်းအတု၊ သတင်း အမှားတွေ၊ ကြေးစား Think-Tank တွေ ထုတ်ပြန်နေတဲ့ သုတေသနစာစောင်တွေနဲ့ ဖွင့်လှစ်နေတဲ့ သင်တန်းတွေဟာ ငွေနောက်လိုက်ပြီး မြန်မာနိုင်ငံ ကိုဖျက်ဆီးဖို့ကြံနေတဲ့ ဝါဒဖြန့်ချိမှုတွေသာဖြစ်ပြီး အသိ၊ သတိနဲ့ဆင်ခြင်နိုင်ကြဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။  ။