အာဖရိကတွင် စတင်ခဲ့သည့် မျောက်ကျောက်ရောဂါသည် ဥရောပကို ဗဟိုပြုကာ ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ကျောက်ရောဂါနှင့်တူပြီး မျောက်များတွင် ဖြစ်ပွားသည့် မျောက်ကျောက်ရောဂါ လူတွင်ကူးစက်ဖြစ်ပွားမှု စတင်တွေ့ရှိခဲ့ သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်သည်။ မူလက ကွန်ဂိုနိုင်ငံတွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်ရောဂါသည် အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများတွင် ဆယ်စုနှစ်များစွာကြာအောင် ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ဒုက္ခပေးလျက်ရှိရာမှ လွန်ခဲ့ သည့် လအနည်းငယ်အတွင်းက ဥရောပနိုင်ငံ အချို့၊ အမေရိကန် နှင့် ကနေဒါနိုင်ငံတို့သို့ ကူးစက်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
မျောက်ကျောက်ရောဂါသည် ထိတွေ့မှုများမှ လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်လည်းကောင်း ကူးစက်တတ်သည်။ ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန် သို့မဟုတ် လူတို့နှင့် တိုက်ရိုက်ကိုင်တွယ်ထိတွေ့မိခြင်း၊ ရောဂါကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးခြင်း၊ အသက်ရှူထုတ်ခြင်းတို့မှ ထွက်လာသည့် အမှုန်အမွှားများကို ရှူမိခြင်း ၊ ရောဂါပိုးမွှားများ တင်ကျန်နေသည့် မျက်နှာပြင်များ၊ အသုံးအဆောင်ပစ္စည်းများကို လက်ဖြင့် ကိုင်တွယ်မိခြင်း စသည့်နည်းလမ်းများဖြင့် ကူးစက်ခံရခြင်းဖြစ် သည်။ ထူးခြားမှုအနေဖြင့်မူ အာဖရိကမှ မျောက်ကျောက်ရောဂါ ပြင်ပသို့ ကူးစက်ပျံ့နှံ့လာရာတွင် အမျိုးသားချင်း လိင်တူဆက်ဆံခြင်းက အဓိက ကူးစက်သည့် နည်းလမ်းဖြစ်သည်။ ကူးစက်မှု ၁၀၀ လျှင် ၉၈ ခုမှာ လိင်တူဆက်ဆံခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိမှုများက ပြဆိုနေရာ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိတို့ဖြင့် ဆင်ခြင်ကြရန်လိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ရာ နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၁၆၀၀၀ ကျော်ရှိနေခဲ့ရာမှ ဆက်လက်ကူးစက် ပြန့်ပွားနေပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း စတင်တွေ့ရှိနေပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ မျောက်ကျောက်ရောဂါသည် ရောဂါပိုးစတင်ဝင်ရောက်ပြီး ငါးရက်မှ သုံးပတ်ခန့်ကာလအတွင်း တုပ်ကွေးရောဂါနှင့်တူသည့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်များ နာကျင်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း တို့နှင့်အတူ အကျိတ်ရောင်ခြင်း၊ အနီစက်၊ အရည်ကြည်ဖုများ ထွက်လာခြင်း၊ အရည်ကြည်ဖုများမှ ပြည်ဖုများဖြစ်ကာ၊ အနာ၊ အနာဖေးများဖြစ်သည်အထိ ရက်သတ္တနှစ်ပတ်မှ တစ်လအထိ ကြာအောင် ကြာမြင့်သည်ဟု သိရသည်။
မျောက်ကျောက်ရောဂါကာကွယ်ရန်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအပြင် အသားစိမ်းများကို ကောင်းစွာကျက်အောင် ချက်ပြုတ်စားခြင်း၊ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ကောင်းစွာ ဆောင်ရွက်ခြင်း နည်းလမ်းများကို ဂရုတစိုက်ကျင့်သုံး ရန်လိုသည်။ မျောက်ကျောက်ရောဂါကို လက်ရှိကာလတွင် ပြည်တွင်း၌ မတွေ့ရှိရသေးဘဲ ပြည်ပမှ ဝင်ရောက်လာသူများအား စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ လွန်ခဲ့သည့် သုံးပတ်ခန့် ကာလအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွင် မျောက်ကျောက်ရောဂါ သံသယလက္ခဏာများ တွေ့ရှိပါက အနီးကပ်ထိတွေ့သူများအပါအဝင် အနီးဆုံးကျန်းမာရေးဌာနသို့ သတင်းပို့စစ်ဆေးကုသမှု ခံယူကြရန် သက်ဆိုင်ရာက အသိပေး နှိုးဆော်ထားပါကြောင်း။ ။
မြန်မာ့အလင်း