သထုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

သထုံ ၊   ၂၇   ဇန်နဝါရီ     

မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီးရှိ လူနာစောင့်များနားနေဆောင်၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ၀န်ထမ်းများ စုစုပေါင်း (၄၀၇) ဦးတို့အား ၂ ရက်ကြာ ထိုးနှံ‌သွားမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ထိုးနှံပြီး (၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသန်းဦးက ပြောသည်။

သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတို့တွင် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသက် (၁၈) နှစ်ပြည့်ပြီးသူများ လိုက်လံစာရင်းကောက်ယူခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်နေပြီး ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျန်းမာ‌ရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်ဦး(သထုံ)